ဝန်ကြီးချုပ်ဟောင်းယင်လပ် လန်ဒန်တွင်ရှိနေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

January 10, 2018

ဝန်ကြီးချုပ်ဟောင်းယင်လပ် လန်ဒန်တွင်ရှိနေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

ဖမ်းဝရမ်းထုတ်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက လန်ဒန်မှာရှိနေခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဒ်ဝီနိုင်းက ဇန်နဝါရီ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒီဖြစ်နိုင်ခြေဟာ ယင်လပ်ရဲ့ တခြားနိုင်ငံတွေဆီ ဝင်ထွက်ခွင့် နိုင်ငံကူးလက်မှတ်တွေကို ရုပ်သိမ်းခဲ့ပြီးနောက် အတည်ပြုလိုက်တာဖြစ်ပြီး ဗြိတိန် နိုင်ငံခြားရေးအတွင်းဝန်က ဒီသတင်းအချက်အလက်ကို ပေးခဲ့တာလို့ ဒွန်က ဆိုပါတယ်။ ဒါပေမယ့် ယင်လပ်အနေနဲ့ ဗြိတိန်မှာ နိုင်ငံရေးဒုက္ခသည်ခိုလှုံခွင့်၊ ဒါမှမဟုတ် ဘယ်လိုဗီဇာအမျိုးအစားနဲ့ ရှိနေတယ်ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ပြောပါတယ်။ ယင်လပ်ဟာ သူ့ရဲ့ နိုင်ငံကူးလက်မှတ် ၄ ခုစလုံးကို ရုပ်သိမ်းခံခဲ့ရပြီးနောက် ဗြိတိန်နိုင်ငံတွင်း ဝင်ရောက်နိုင်ဖို့ တခြားနိုင်ငံတခုခုက နိုင်ငံကူးလက်မှတ်ကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ ဒွန်က ပြောပါတယ်။ ထိုင်းအစိုးရအနေနဲ့ သူ့ကို နိုင်ငံတွင်းပြန်လာပြီး အမှုရင်ဆိုင်စေဖို့ ကြိုးစားသွားမှာလား ဆိုတာကတော့ ရှုထောင့်ပေါင်းစုံက စဉ်းစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံမှာ ခိုလှုံနေတဲ့ ယင်လပ်ကို အရေးယူပေးနိုင်ဖို့ အစိုးရအနေနဲ့ တောင်းဆိုသွားဖို့ ရှိနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ ဒွန်က ငြင်းပယ်ခဲ့ပြီး ယင်လပ်ကြောင့် ထိုင်း-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးကို အကျိုးသက်ရောက်စေလိမ့်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ယင်လပ်ဟာ နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ နိုင်ငံတော် ဆန်ဝယ်ယူရေး အစီအစဉ်ကို သိလျက်နဲ့ လျစ်လျူရှုခဲ့တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီ့အတွက် သူမကို စွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်မယ့် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့မှာတော့ တရားရုံးကို ရောက်ရှိမလာခဲ့ဘဲ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up