ဝန်ထမ်း ၅ ဦး ပစ်သတ်ခံရ

December 17, 2016

အာဖဂန် လေဆိပ်တွင် အမျိုးသမီး လုံခြုံရေး ဝန်ထမ်း ၅ ဦး ပစ်သတ်ခံရ

အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာလေဆိပ်မှာ အမျိုးသမီးလုံခြုံရေးဝန်ထမ်း ၅ ဦး အမည်မသိ သေနတ်သမားတဦးရဲ့ ပစ်သတ်တာကို ခံခဲ့ရတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မနက်မှာ လုံခြုံရေးဝန်ထမ်း အမျိုးသမီး ၅ ဦး လေဆိပ်ရှိ သူတို့ရဲ့ အလုပ်နေရာကို သွားနေစဉ် တိုက်ခိုက်ရေးသမား ၂ ဦးက မော်တော်ဆိုင်ကယ် မောင်းရင်း အမျိုးသမီးတွေ စီးလာတဲ့ ဗင်ကားကို သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ကန်ဒါဟာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ စာမင်မ်အက်ဟယ်ဝက်က ပြောပါတယ်။ လုံခြုံရေးဝန်ထမ်း အမျိုးသမီး ၅ ဦးအပြင် ကားမောင်းသမားလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမျိုးသမီးတွေဟာ လေဆိပ်မှာ အမျိုးသမီးခရီးသွားတွေကို စစ်ဆေးရှာဖွေတဲ့နေရာက ကြီးကြပ်ရေးမှူးတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကို ဘယ်သူတွေ လုပ်ခဲ့တယ်ဆိုတာ ချက်ခြင်းထုတ်ဖောပြောကြားခြင်းမရှိပေမယ့် အာဖဂန်နစ္စတန်က အမျိုးသမီးတွေဟာ မကြာခဏ တာလီဘန်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံရတယ်လို့သိရပါတယ်။ “စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်။ ဘယ်သူကိုမှတော့ ဖမ်းဆီးထားခြင်း မရှိသေးဘူး။” လို့ လေဆိပ်ဒါရိုက်တာက ပြောပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ ပထမ ၈ လအတွင်းမှာ အမျိုးသမီးများ အကြမ်းဖက်တိုက်ခိုက်ခံရမှု ၃၇၀၀ ကျော်ရှိပြီး ၂၀၁၅ ခုနှစ်မှာတော့ အမျိုးသမီးတွေ တိုက်ခိုက်ခံရမှုပေါင်း ၅၀၀၀ ရှိခဲ့တယ်လို့ အာဖကန်နိုင်ငံ ရှေ့နေချုပ်ရုံးရဲ့ ပြောကြားချက်အရ သိရပါတယ်။
5 years Ago
Up