ဝန်ထမ်းများအား

January 19, 2019

ဝန်ထမ်းများအား လမ်းပေါ် လေးဘက်ထောက်သွားခိုင်းသည့် ကုမ္ပဏီ ဝေဖန်ခံနေရ (ရုပ်သံ)

အရောင်းသတ်မှတ်ချက်မပြည့်မီတဲ့ ဝန်ထမ်း ၆ ယောက်ကို ကားလမ်းပေါ်မှာ လေးဘက်ထောက် သွားခိုင်းခဲ့တဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတခုဟာ အပြင်းထန် ဝေဖန်ခံနေရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ် ဇိုရှောင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဒီလို လူမဆန်တဲ့ အပြစ်ပေးမှုကို လမ်းသွားလမ်းလာတွေထဲက တယောက်က မှတ်တမ်းတင်ခဲ့တာပါ။ ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်ထဲမှာလည်း လမ်းမကြီးပေါ် သွားနေတဲ့ ကားတွေနဲ့အပြိုင် လေးဘက်ထောက်သွားနေတဲ့ ဝန်ထမ်း  ၆ ယောက်ကို မြင်တွေ့ရပါတယ်။ သူတို့နောက်မှာမှ ကုမ္ပဏီနာမည်ကို ရေးထိုးထားတဲ့ အနီရောင်အလံကို ကိုင်ထားတဲ့ အမျိုးသားတဦး လိုက်ပါလာတာ တွေ့ရပါတယ်။ ဒီဝန်ထမ်း ၆ ယောက်ဟာ ဘာအကာအကွယ်မှမပါဘဲ လမ်းမကြီးတလျှောက် ခက်ခက်ခဲခဲ လေးဘက်ထောက်သွားနေရတာဖြစ်ပြီး အလုပ်ပြုတ်သွားမှာစိုးရိမ်တာကြောင့် ဘယ်သူမှ မရပ်ရဲခဲ့ပါဘူး။ ဒါပေမယ့် မကြာခင်မှာ ရဲတွေရောက်လာတာကြောင့် ဝန်ထမ်းတွေ သက်သာရာရခဲ့တာပါ။ သူတို့ရဲ့ပြစ်ဒဏ်အပေါ် မကျေနပ်တဲ့ လမ်းသွားလမ်းလာတဦးက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဖြစ်ရပ်တွေအပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဝန်ထမ်းတွေအပေါ် လူမဆန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တဲ့ ကုမ္ပဏီကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုကိုလည်း ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ဒီဝန်ထမ်းတွေဟာ အလှကုန်ထုတ်လုပ်ရေး ကုမ္ပဏီတခုက ဝန်ထမ်းတွေဖြစ်ပြီး သူတို့ရဲ့ ဗွီဒီယိုဖိုင်ဟာ လှုမှုကွန်ရက်တွေမှာ ပျံ့နှံ့သွားခဲ့ပြီးတဲ့နောက်မှာ လူမဆန်တဲ့ပြစ်ဒဏ်တွေချမှတ်ခဲ့တဲ့ ကုမ္ပဏီဟာလည်း ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီလိုဝေဖန်မှုတွေရှိနေပေမယ့် ကုမ္ပဏီရဲ့ မန်နေဂျာတဦးက သူတို့ဟာ တနှစ်တာအတွက် သတ်မှတ်ထားတဲ့ အရောင်းသတ်မှတ်ချက်မပြည့်မှီသူတွေဖြစ်ပြီး ဒီလိုပြစ်ဒဏ်ပေးခြင်းနဲ့ သူတို့ရဲ့ ကြိုးစားမှုကို မြှင့်တင်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။ တရုတ်နိုင်ငံက ကုမ္ပဏီတွေဟာ ဝန်ထမ်းတွေအပေါ် ပြင်းထန်ဆိုးရွားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခြင်းအတွက် နာမည်ဆိုးနဲ့ ကျော်ကြားလေ့ရှိကြပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကုမ္ပဏီတခုဟာ အရောင်းသတ်မှတ်ချက် မပြည့်မီတဲ့ ဝန်ထမ်းတွေကို ပိုးဟပ်တွေစားခိုင်းခဲ့တယ်လို့ သိရပါတယ်။
2 years Ago
Up