ဝတ်ပြုမှု ဆိုင်းငံ့

March 16, 2020

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန် ပါလက်စတိုင်းတွင် ဗလီနှင့် ခရစ်ယာန်ဘုရားကျောင်းများ ဝတ်ပြုမှု ဆိုင်းငံ့

ပါလက်စတိုင်း အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကို ဟန့်တားဖို့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသအတွင်း ဗလီတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ဝတ်ပြုမှု ဆိုင်းငံ့ထားဖို့ မတ် ၁၄ ရက်မှာ ပြောပါတယ်။ ပါလက်စတိုင်းသားတွေ အားလုံး အိမ်မှာပဲ ဝတ်ပြုကြဖို့ကိုလည်း ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။ ပါလက်စတိုင်း အာဏာပိုင်တွေ အကန့်အသတ်နဲ့ အုပ်ချုပ်ခွင့် ရထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၃၈ ယောက်ကို အတည်ပြုထားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာလည်း နယ်စပ်ဝင်ပေါက် အားလုံးကို ခရီးသွားခွင့် ပိတ်ထားဖို့ ဟားမတ်စ် အုပ်ချုပ်သူတွေက ပြောပါါတယ်။ ဟားမတ်စ်အုပ်စုက ထိန်းချုပ်ထားတဲ့ လူဦးရေ ထူထပ်တဲ့ ဂါဇာကမ်းမြှောင်ဒေသမှာတော့ ကူးစက်ခံ အတည်ပြုမှု အစီရင်ခံစာ မရှိသေးပါဘူး။ ဘာသာရေး အာဏာပိုင်တွေက အစ္စလာမ်ဘာသာရဲ့ တတိယအမြင့်မြတ်ဆုံး အယ်လ် အက်ဆာဗလီကို ဝတ်ပြုသူတွေအတွက် ဖွင့်ပေးထားပါတယ်။ သအယ်လ်ဝက်ဖှုဖှ် ကောင်စီကလည်း ဝတ်ပြုသူတွေကို အာမခံချက်ပေးဖို့ ရွှေကျောင်းဗလီဝင်းတခုလုံးကို ဆက်တိုက်ပိုးသတ်ထားတယ်လို့ ဒီအပတ်ထဲမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီနေရာဟာ တမန်တော် မိုဟာမဒ် ကောင်းကင်ဘုံကို တက်တဲ့ နေရာလို့ မွတ်စလင်တွေ ယုံကြည်ကြပြီး အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း အကဲဆတ်ဆုံး နေရာလည်း ဖြစ်ပါတယ်။
2 years Ago
Up