ဝတ်ဖို့ဒ်ကို ၄ ဂိုး ၁ ဂိုးဖြင့် ချဲလ်ဆီး ဂိုးပြတ်ရှုံးနိမ့်

February 6, 2018

ဝတ်ဖို့ဒ်ကို ၄ ဂိုး ၁ ဂိုးဖြင့် ချဲလ်ဆီး ဂိုးပြတ်ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၂၆ နောက်ဆုံးပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ချဲလ်ဆီးနဲ့ ဝတ်ဖို့ဒ်တို့ မနေ့ကယှဉ်ပြိုင်ရာ ဝတ်ဖို့ဒ်က ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂၅ မှာလည်း ဘုန်းမောက်ကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီး အခုတခါ ဂိုးပြတ် ထပ်မံရှုံးနိမ့်ခဲ့လို့ နည်းပြကွန်တီအတွက် ဖိအားတွေ အကြီးအကျယ် ကျရောက်နေပါတယ်။ ဒီပွဲစဉ်မှာလည်း ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး စစ်စစ် မပါဝင်ဘဲ ဟာဇက်၊ ပက်ဒရို၊ ဝီလျံတို့အတွဲကို အသုံးပြုခဲ့ပါတယ်။ ဝတ်ဖို့ဒ်အသင်းကတော့ နည်းပြသစ် ဂျာဗီဂါစီယာလက်ထက် ပထမဆုံး အိမ်ကွင်းပွဲစဉ်မှာ ချဲလ်ဆီးလို ထိပ်သီးအသင်းတသင်းကို ဂိုးပြတ်အနိုင်ရတဲ့အတွက် ကျေနပ်ဖွယ် ဖြစိခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီနေ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးယူနိုင်ခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အိမ်ရှင်အသင်းက အသာရခဲ့တာပါ။ ပွဲချိန် မိနစ် ၃၀ မှာ ချဲလ်ဆီးကွင်းလယ်လူ ဘာကာယိုကို နှစ်ဝါတနီနဲ့ အထုတ်ခံလိုက်ရတဲ့ အတွက်လည်း ချဲလ်ဆီး အားလျော့ခဲ့ရပါတယ်။ ဒီနောက် ဝတ်ဖို့ဒ်က တိုက်စစ်ဆင် ဖိအားပေးကစားနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကို ၄၂ မိနစ်မှာ ပယ်နယ်တီမှတဆင့် ဒီနေး၊ ၈၄ မိနစ်မှာ ဂျန်မက်၊ ၈၈ မိနစ်မှာ ဒယ်လိုဖူနဲ့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ပါရေးရားတို့က အသီးသီးသွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၈၂ မိနစ်မှာ ဟာဇက်က သွင်းယူပေးခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပွဲချိန် မိနစ် ၆၀ မှာ အာဆင်နယ်က ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဂျရူးကို ထည့်သွင်းအသုံးပြုခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီပွဲရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးအသင်းက ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာပဲ ဆက်လက်ရပ်တည်နေပြီး ဝတ်ဖို့ဒ်ကတော့ ရမှတ် ၃၀ နဲ့ အဆင့် ၁၁ မှာ ရှိနေပါတယ်။
3 years Ago
Up