ဝတပ်ဖွဲ့

April 7, 2022

RCSS နှင့် UWSA တိုက်ပွဲဖြစ်၊ တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဟု RCSS ပြော

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA ရှမ်းတပ်နဲ့ UWSA ‘ဝ' တပ်ဖွဲ့တွေအကြား ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် မုံးထားဒေသထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဧပြီ ၅ ရက် မနက် ၁၀ နာရီခွဲလောက်က UWSA စစ်ဒေသ ၁၇၁ လက်အောက်ခံ တပ်ဖွဲ့ဝင်တချို့က RCSS တပ်ဖွဲ့ဝင်တွေရှိရာ တောင်ကုန်းဘက်ကို လာတိုက်တဲ့အတွက် တိုက်ပွဲဖြစ်တာလို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးခမ်းစံက ဒီဗွီဘီကို ပြောပါတယ်။

“UWSA ရဲ့ ၁၇၁ စစ်ဒေသလက်အောက်ခံ တပ်ဖွဲ့တွေက မုံးထားတောင်ဘက်မှာရှိတဲ့ RCSS စခန်းကုန်းရှိတဲ့နေရာကို တက်ပြီးတော့ တိုက်ခိုက်တယ်။ တိုက်တာတော့ သိပ်မကြဘူးခင်ဗျ၊ ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲကြာတယ်။ နောက်ပိုင်းကျတော့ သူတို့ပြန်ဆုတ်သွားတယ်။ ထိခိုက်ကျဆုံးမှု အခြေအနေတော့ မသိရသေးပါဘူး။ အခုလက်ရှိတော့ တိုက်ပွဲငြိမ်သက်နေပါတယ်ခင်ဗျ။ ဒါပေမဲ့ နှစ်ဖက် တပ်လှန့်ထားတာရှိတော့ စစ်ရေးတင်းမာမှုတော့ ရှိနေတုန်းပေါ့။"

UWSA နဲ့ RCSS တို့ဟာ ဒီမတိုင်ခင် ရှ့က ဘာပြဿနာမှမရှိဘဲ အခုလို လာတိုက်တာကတော့ တဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ မီးစပွားအောင် ဆောင်ရွက်နေတယ်လို့ ယူဆကြောင်း၊ လောလောဆယ် တွေ့ဆုံမှုလမ်းကြောင်းကနေ အကြောင်းရင်းသိရအောင် မေးမြန်းဆွေးနွေးသွားမယ်လို့ ဗိုလ်မှူးခမ်းစံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး UWSA ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ RCSS အဖွဲ့က လွယ်မန်ထုံ ကြားခံနယ်မြေထဲ ကျူးကျော်ဝင်လာပြီး စနိုက်ပါနဲ့ ချောင်းပစ်လို့ ‘ဝ’ တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း ပြောပါတယ်။

ဒါ့အပြင် RCSS တပ်က အင်အား ၂၀ နဲ့ သူတို့ထိန်းချုပ်နယ်မြေ မုန်းထစခန်းကို နယ်မြေကျူးကျော်လာပြီး စပစ်ရာက ‘ဝ’ ရဲ‌ဘော် ၁ ဦး ကျဆုံးလို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားတာ ဖြစ်တယ်၊ RCSS ဘက်က ၅ ဦးကျဆုံးပြီး လက်နက်ငယ် ၆ လက်ရရှိ၊ UWSA ဘက်က ၂ ဦး ဒဏ်ရာအနည်းငယ် ရတယ်လို့ ဦးညီရမ်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးပါတယ်။

RCSS ဟာ လတ်တလော ရှမ်းပြည်တောင်ပိုင်း ရပ်စောက်၊ လဲချား၊ မိုင်းကိုင်၊ မိုင်းပွန်ဘက်ကို ဝင်ရောက်လာတဲ့ SSPP အပါအဝင် တပ်ပေါင်းစုနဲ့ပါ စစ်ရေးတင်းမာမှုတွေ ရှိနေကြောင်း၊ တိုက်ပွဲဖြစ်ရင် စစ်ဘေးရှောင်တွေ တိုးပွားလာကာ နှစ်ဖက်တပ် ထိခိုက်နစ်နာတာတွေရှိလို့ ဖြစ်နိုင်ရင် တိုက်ပွဲမဖော်ဆောင်လိုကြောင်း ဒီဗွီဘီကို ပြောပါတယ်။

12 months Ago

December 1, 2019

ICJ တွင် တရားစွဲဆိုထားမှု အစိုးရ ရပ်တည်ချက် ထောက်ခံကြောင်း ဝတပ်ဖွဲ့ ထုတ်ပြန်

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဝပြည်နယ်အနေနဲ့ မြန်မာအစိုးရရဲ့ သဘောထားရပ်တည်ချက်ကို ထောက်ခံကြောင်း ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ ဝတပ်ဖွဲ့တို့က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို သွားရောက်ချေပတုံ့ပြန်မှုနဲ့ ပြည်ထောင်စုရဲ့ ဂုဏ်သိက္ခာကို ကာကွယ် စောင့်ထိန်းမယ့် လုပ်ဆောင်ချက်ကို လေးစားဂုဏ်ယူကြောင်းလည်း ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်း သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဉာဏ်ရည်ထက်မြက်စွာ စိတ်ရှည်သဘောထားကြီးတဲ့ နည်းလမ်းနဲ့ ပဋိပက္ခတွေကို  ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။ ဝတပ်ဖွဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒါဟာ နိုင်ငံတော်ကို တရားစွဲတာဖြစ်လို့ အားလုံး စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။ “အိုင်စီဂျေက State ကို တရားစွဲတာဖြစ်တယ်။ State ဆိုတာက အားလုံးကို ကိုယ်စားပြုတာ ဖြစ်တယ်။ ဒီထဲမှာရှိတဲ့ မှီတင်းနေထိုင်သူအားလုံး မြန်မာနိုင်ငံသားအားလုံး၊ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ လူတွေအားလုံးကို ကိုယ်စားပြုတာပဲ ဖြစ်တယ်။ တရားစွဲတာပဲ ဖြစ်တယ်။ နိုင်ငံတော်ကို တရားစွဲတာဖြစ်တယ်။ နိုင်ငံတော်ကို တရားစွဲတာဖြစ်တဲ့အခါမှာ အားလုံးက စည်းလုံးညီညွတ်ရှိဖို့ လိုတယ်လို့ပဲ ကျနော် ပြောချင်တယ်။”  ဝတပ်ဖွဲ့က နိုင်ငံတော်နဲ့အတူ ရပ်တည်ကြောင်း ထုတ်ပြန်ပေမယ့် ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကတော့ မြန်မာနိုင်ငံကို အိုင်စီဂျေ အပါအဝင် နိုင်ငံတကာတရားရုံး ၃ ခုမှာ အမှုဖွင့် တိုင်ကြားထားပြီး   မြန်မာ့တပ်မတော်ကို အရေးယူဖို့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အားပေးထောက်ခံကြောင်း ထုတ်ပြန်ထားတဲ့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား သဘောထားကွဲလွဲနေပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ တရားရုံးတို့က အတိဒုက္ခရောက်နေတဲ့ မြန်မာပြည် တိုင်းရင်းသားပြည်သူတွေအတွက် သမာသမတ်ရှိစွာနဲ့ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်တွေကို အပြစ်ပေး အရေးယူဖို့ ကြိုးပမ်းသူတွေကို မဟာမိတ် ၃ ဖွဲ့အနေနဲ့ ရရှိထားတဲ့ သက်သေ အချက်အလက်တွေနဲ့အတူ ပူပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ဖြစ်ကြောင်းလည်း ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ အမှုရင်ဆိုင်ရာမှာ နိုင်ငံတော်အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း အလျှင်းမပြုလုပ်ဘဲ ပကတိအရှိတရားကို ကမ္ဘာက သိရှိနားလည်စေဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၇ ရက်က ကြေညာထားပါတယ်။  ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ တရားရုံးမှာ ကြားနာရမှာ ဖြစ်ပါတယ်။
3 years Ago
Up