ဝတပ်ဖွဲ့

December 12, 2018

မိုင်းဖုံးဆရာတော် တရားဟောစင်မြင့် ဖျက်ဆီးခဲ့မှု ဝ တပ်ဖွဲ့ ပြန်တောင်းပန်

မိုင်းတုံမြို့နယ်က မိုင်းဖုံးဆရာတော်ရဲ့ တရားဟောစင်မြင့်ကို ဖျက်ဆီးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှု လွဲမှားသွားတာဖြစ်ကြောင်း ဝတပ်ဖွဲ့က ဒီနေ့ ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ ဟွေအော့ကျေးရွာမှာရှိတဲ့ မိုင်းဖုံးဆရာတော်ဘုရားကြီး တရားဟောစင်မြင့်နဲ့ စေတီသစ်တဆူ ဆောက်တည်မယ့်နေရာကို  မနေ့ညနေပိုင်းက ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ (တောင်ပိုင်း) ရှိ တပ်ဖွဲ့ဝင်တချို့ လာရောက်ဖျက်ဆီးခဲ့တာပါ။ အဲဒီနေရာဟာ တောင်ပိုင်း ဝတပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာဖြစ်ပြီး တရားဟောစင်ကို  သဘောတူမှုနဲ့ ဆောက်ခဲ့ကြောင်း၊ ပြီးခဲ့တဲ့ ရှမ်းနှစ်သစ်ကူးနေ့ (ဒီဇင်ဘာ ၈ ရက်နေ့က) မိုင်းဖုံးဆရာတော် ကြွရောက်လာပြီး တရားဟောပြီးတဲ့နောက် စင်မြင့်ပြန်ဖျက်ရေး/မဖျက်ရေး တဖက်က ပြောဆိုနေစဉ် မနေ့မွန်းလွဲပိုင်းက ဝ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စင်မြင့်နဲ့တကွ ယာယီနားနေဆောင်တွေ ဖျက်ဆီင်္းပစ်သလို စေတီတည်ဖို့ တူးထားတဲ့ မြေတွေလည်း ပြန်ဖို့ခဲ့တယ်လို့ အခင်းဖြစ်တဲ့နေရာမှာ ရှိနေတဲ့  မိုင်းတုံမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ စိုင်းဝင်းမြတ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီနေရာမှာ တရားဟောစင်ဆောက်ဖို့ကိစ္စ ဝ တပ်ဖွဲ့က အစကတည်းက သိပ်သဘောမတူချင်ဘူး။ ဒါပေမယ့် ဟွေအော့ကျေးရွာ အုပ်ချုပ်ရေးမှူးက တရားပွဲပြီးရင် စင်ပြန်ဖျက်ပေးမယ့်အကြောင်း လက်မှတ်ထိုးပေးတော့မှ လုပ်လို့ရတယ်။ တရားပွဲမှာ ဝ လူကြီးတချို့လည်း လာတော့ မဖျက်သေးဘဲ ဒီတိုင်းထားလည်း ရတယ်လို့ ပြောတာနဲ့ မဖျက်ရသေးဘူးပေါ့။ နောက်ပြီး အဲဒီနားမှာ ဖရနရေ့ (ဗြနရာဇ်) သင်္ချိုင်းနဲ့ ရှေးဟောင်းစေတီတဆူ ရှိတယ်။ မိုင်းဖုံးဆရာတော်က အဲဒီဘေးမှာ နောက်ထပ်စေတီတဆူတည်ဖို့ အုတ်မြစ်ချပေးထားတယ်။  အဲဒါဟာ ရှေးဟောင်းသာသနာမြေဆိုတော့ ပြဿနာဖြစ်မယ် မထင်ဘူးပေါ့။ မနေ့က ကျနော်တို့ အဲဒီနေရာတဝိုက်မှာ ဘက်ဟိုးကားနဲ့ မြေတွေ သွားညှိနေတုန်း ဝ တပ်ဖွဲ့ဝင် ၂၀ ကျော် ရောက်လာပြီး သူတို့နယ်မြေထဲမှာ လုပ်ရမလားဆိုပြီး လာဖျက်ဆီးတယ်။ တရားဟောစင်ရော၊ ယာယီနားနေဆောင်တွေ ဖျက်ဆီးပြီး အဲဒီမှာရောက်နေတဲ့ သံဃာဆယ်ပါးကျော်လည်း ထွက်ခွာလာရတယ်။ စေတီတည်ဖို့ ညှိထားတဲ့ မြေနေရာတွေလည်း ပြန်ဖို့ခံရတယ်။” ဒီကနေ့မနက်မှာတော့ ဝတပ်ဘက်က အရာရှိ ၁ ဦးနဲ့ အဖွဲ့ဝင်တွေ ရောက်ရှိလာပြီး မနေ့က ဖြစ်သွားတဲ့ကိစ္စမှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့တာလို့ ပုံပါကျင်ကျောင်းတိုက်ဆရာတော် အရှင်နန္ဒိယက ဒီဗွီဘီကို မိန့်ပါတယ်။ “ဒီကနေ့မနက်မှာ သူတို့လာပြီး ကျေအေးပါတယ်။ အစကတော့ ခွင့်ပြုချက်မကျသေးဘဲ လုပ်လို့ပေါ့နော်။ သူတို့လည်း ဗုဒ္ဓဘာသာကို လေးစားလို့ အထက်ကိုတင်ပြပြီး စေတီတည်ဖို့ ခွင့်ပြုလိုက်တယ်လို့ ဒီမနက်မှာ ပြောပါတယ်။ ဓလေ့ထုံးစံအရ ကန်တော့ပွဲတွေနဲ့  ပြန်တောင်းပန်ဖို့ ကိစ္စတော့ နောက်မှပေါ့။ လောလောဆယ်တော့ ဘုန်းဘုန်းတို့ရော၊ ဝ တပ်ဖွဲ့ အရာရှိတွေရော၊ မြန်မာ့တပ်မတော်ဘက်က တာဝန်ရှိသူတွေရော၊ ရွာလူကြီးတွေပါ အဲဒီနေရာကို ရောက်နေကြတယ်။ အဖျက်ခံရတဲ့ဟာတွေ ပြန်ပြင်ဖို့ ဆွေးနွေးညှိနှိုင်းနေကြပါတယ်။ တရားဟောစင်ကိစ္စတော့ မဆွေးနွေးရသေးဘူး။” အဲဒီဒေသမှာ အရင်က ရှမ်းနဲ့ လားဟူ တိုင်းရင်းသားကျေးရွာတွေရှိပြီး လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က နဝတ အတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့် သဘောတူချက်နဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ဝင်တချို့နဲ့ ဝ ပြည်သူတွေဟာ သောင်းနဲ့ချီပြီး ရှမ်းပြည်တောင်ပိုင်း မိုင်းတုံ၊ မိုင်းဆတ်၊ နားကောင်းမူး၊ ပုံပါကျင် စတဲ့ဒေသကို  ပြောင်းရွှေ့နေထိုင်လာခဲ့ပါတယ်။ လက်ရှိတောင်ပိုင်းဒေသမှာ ယူဒဗလျူအက်စ်အေရဲ့ တပ်မဟာ ၅ ခုရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ရာမှာ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူ မူရင်းဒေသခံရဲ့ မြေယာတွေ အသိမ်းခံရတဲ့ ပြဿနာလည်း ရှိနေတယ်လို့ မိုင်းတုံဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းရာမှာ ယူဒဗလျူအက်စ်အေ ဝ တပ်ဖွဲ့ (တောင်ပိုင်း) ကို မေးမြန်းဖို့ ပြောကြားခဲ့ပါတယ်။ ဒီဗွီဘီက ၀တပ်ဖွဲ့ တောင်းပိုင်းကို ဆက်သွယ်ပေမယ့် မရပါဘူး။
4 years Ago

September 27, 2018

စိတ်ကြွဆေး ၁၂ သန်းကျော်ဖမ်းမိ၊ တောင်ပိုင်းဝတပ်ဖွဲ့နှင့် ပတ်သက်နိုင်ဟု ထိုင်းရဲစွပ်စွဲ

တောင်ပိုင်းဝတပ်ဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီး ကျလောဘိုနဲ့ ပတ်သက်တဲ့ စိတ်ကြွဆေးပြား ၁၂ သန်း ၄ သိန်းနဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၅၁၂ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းမူးယစ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြောပါတယ်။ အဲဒီမူးယစ်ဆေးတွေကို မနေ့မနက် ၃ နာရီခွဲလောက်က ချင်းရိုင်းခရိုင်၊ မဲ့ကျန်းမြို့နဲ့  မယ့်ဆလောင်းတောင်ကြား လမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးရမိခဲ့တာလို့ အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ် ဒုရဲမှူးကြီး ဖာနုတေချ ဘွန်းရိုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မူးယစ်ဆေးတွေ ဖမ်းမမိခင် အရင်ဆုံး ဟွန်ဒါဆိုင်ကယ်စီးလာသူ နှစ်ဦးကို တာဝန်အရ ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် အနောက်ကလိုက်လာတဲ့ တိုယိုတာကားတစီးက ကားခေါင်းလှည့်ပြီး အနောက်ကို ပြန်မောင်းသွားကြောင်း၊ တာဝန်ရှိသူတွေက အဲဒီကားနောက်ကိုလိုက်ဖမ်းရာ ကားကလမ်းဘေးကို ထိုးကျသွားပြီး ယာဉ်မောင်းသူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ အဲဒီကားကို စစ်ဆေးရာ ကားနောက်ခန်းမှာ စောင်နဲ့ဖုံးအုပ်လာတဲ့ စိတ်ကြွဆေးပါ ဆာလာအိတ်ပေါင်း ၆၅ အိတ်၊ အိုက်စ်မူးယစ်ဆေး ၁၃ အိတ် တွေ့ရှိရကြောင်း၊ မူးယစ်ဆေးတွေကို စကြာမင်းအမှတ်တံဆိပ်ပါ လက်ဖက်ခြောက်ထုပ်တွေထဲ ထည့်ထားတာဖြစ်ပြီး စိတ်ကြွဆေးအလုံးရေ စုစုပေါင်း ၁၂ သိန်း ၄ သောင်းနဲ့ အိုက်စ်အလေးချိန် ၅၁၂ ကီလိုဂရမ်ရှိတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်ပေါ်က လူ နှစ်ဦးကို ဆက်လက်စစ်ဆေးရာမှာ သူတို့ဟာ မူးယစ်ဆေးတွေပါလာတဲ့ကားကို အရှေ့ကနေ လမ်းပြပေးဖို့ ဘတ်ငွေ ၁ သောင်းနဲ့ အငှားခံရ တာဖြစ်ကြောင်း၊ မဲ့ကျန်းမြို့နယ် အီကောပဒူရွာထိပ်ကနေ ပါဆန်းအုပ်စု မယ့်ဆလောင်းလမ်းခွဲထိ လမ်းပြပေးဖို့ ဖြစ်ကြောင်း ၀န်ခံပြောကြားပါတယ်။ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေမှာ ကိုးသုံးလုံးနဲ့ ကြယ် ၅ လုံး အမှတ်တံဆိပ် ပါရှိကြောင်း၊ အဲဒီဆေးပြားတွေဟာ ဗိုလ်မှူးကြီး ကျလောဘို ဦးဆောင်တဲ့ တောင်ပိုင်းဝနယ်မြေ လားဟူရွာဖြစ်တဲ့ပူနားကိုကျေးရွာကနေ လာတာဖြစ်နိုင်တယ်လို့ အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ် ဒုရဲမှူးကြီး ဖာနုတေချ ဘွန်းရုန်းက ပြောပါတယ်။ ထိုင်းဘက်က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ယူဒဗလျူအက်စ်အေ ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကတော့ ထိုင်းဟာ သက်သေမခိုင်လုံဘဲ မူးယစ်ဆေးဝါးဖမ်းမိတိုင်း ဝတပ်ဖွဲ့ကိုသာ လွှဲချလေ့ရှိကြောင်း ဒီဗွီဘီကို ပြောပါတယ်။ “ဒီကိစ္စကတော့ ယိုးဒယားကတော့ အမြဲတမ်း စွပ်စွဲနေတာ ကြာလာခဲ့ပြီ။ ဒီလိုဖမ်းမိတာနဲ့ အားလုံးကို ဝ လို့ပဲ လွှဲချနေကြတယ်။ ကျနော်တို့အနေနဲ့ ဒီကိစ္စကို မျက်စိစုံမှိတ်ပြီး ငြင်းနေတာ မဟုတ်ဘူး။ သက်သေအထောက်အထား ပြနိုင်တယ်ဆိုရင် ကျနော်တို့တောင်မှ ကျေးဇူးတင်ရဦးမယ်နော်၊ ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကျနော်တို့က အဆင်သင့်ပဲ။” နောက်ထပ်ကွင်းဆက်တွေ ဖော်ထုတ်ဖို့ ဆိုင်ကယ်သမား နှစ်ဦးလုံးကို ထိုင်းရဲက ဆက်လက် ဖမ်းဆီးထားပါတယ်။
5 years Ago
Up