ဝစ်လစ်စလစ်အမျိုးသမီး

August 23, 2018

အမျိုးသမီးတဦးကို ဝစ်လစ်စလစ် လမ်းလျှောက်ခိုင်းပြီး အုပ်စုလိုက် ရိုက်နှက်သူများအား ဖမ်းဆီး (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးကို လူပုံအလယ် ဝစ်လစ်စလစ် အခြေအနေနဲ့ လမ်းလျှောက်စေပြီး ဒေါသထွက်နေတဲ့ လူအုပ်စုကြီးက ရိုက်နှက်ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင် ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘီဟာပြည်နယ်ထဲမှာ ဖြစ်ခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ လူအုပ်စုကြီးဟာ အဲဒီအမျိုးသမီးကို ရိုက်နှက်ကာ လမ်းတကာ လှည့်လည်စေခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ဟာ WhatsApp ရဲ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ရဲတွေက ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့သူ အမျိုးသား ၁၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအမျိုးသမီးကို ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က ရထားသံလမ်းအနီး တွေ့ရှိခဲ့ရတဲ့ လူသေအလောင်းနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်မှု ရှိနေတယ်လို့ စွပ်စွဲခံရပြီးနောက်မှာ ခုလိုဖြစ်လာခဲ့တာပါ။ စိတ်ဆိုးဒေါသထွက်နေကြတဲ့ လူအုပ်စုကြီးဟာ အမျိုးသမီးရဲ့ အိမ်ကိုရော အနီးနားက အိမ်နီးချင်းတွေရဲ့ နေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေ၊ ယာဉ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတွေကတော့ ရထားသံလမ်းအနီး သေဆုံးခဲ့သူရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရှိနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အုပ်စုလိုက် ရိုက်နှက်ခံရသူ အမျိုးသမီးကို ဆေးရုံပို့ဆောင်ထားပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
3 years Ago
Up