ဝင်းဦး

September 5, 2020

ဝင်းဦး သီချင်းကို ချောစုခင်သီဆိုမှုနှင့် ခံစားနားဆင်ကြရမယ့် “အတွယ်အတာ” ရုပ်ရှင်ဇာတ်ဝင်တေး (ရုပ်သံ)

“သံသာသာ တေးဖွဲ့လို့သီဆိုမှာပါ… ဒီကမ္ဘာမှာ အပြုံးပန်းနဲ့ ကြိုင်လှိုင်စေရာ… မောင်မယ်တွေ အေးချမ်းတဲ့ သီတာရေပမာ… နှလုံးသားချင်း အမြဲစစ်ခင်း… ဖယ်ရှင်း ဖျောက်ခွာ… သူနိုင်ငါညှဉ်းကြတဲ့ ဒီမြေပြင်ကမ္ဘာ… တူပြိုင်ကာ မတင်းကြနဲ့ ညီစေချင် တာ… ရင်အုံလွှာ အသည်းကြားက… ကြည်လင်စေတနာ… အမုန်းမပွားပဲ ချစ်စေ ကြောင်း… တောင်းဆုဝေဖြာ” ဒီသီချင်းကတော့ နာမည်ကြီးရုပ်ရှင်ကားတကားဖြစ်တဲ့ ၁၉၇၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အတွယ်အတာရုပ်ရှင်ကားထဲက ဇာတ်ဝင်တေးတပုဒ်ဖြစ်ပြီး တေးရေး ဂီတလုလင် မောင်ကိုကိုက ရေးဖွဲ့ပေးထားခဲ့ကာ တေးသံရှင်ဝင်းဦးက သီဆိုထားခဲ့တာပါ။ ဒီရုပ်ရှင်ကားကိုတော့ စန္ဒာရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာ ထွန်းထွန်းက ရိုက်ကူးပုံဖော်ထားခဲ့ကာ သရုပ်ဆောင်တွေအနေနဲ့ ဝင်းဦးနဲ့ ကလေးသရုပ်ဆောင် စန္ဒာတို့က အဓိကပါဝင်ထားကြတာပါ။ အပြစ်ကင်းစင်တဲ့ ကလေးငယ်တဦးနဲ့ ဒုစရိုက်သမားတဦးတို့ကြားက ဆန်းကြယ်တဲ့ ၅၂၈ သံယောဇဉ်အကြောင်းကို အကွက်ကျကျ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ သရုပ်ဆောင်မင်းသမီးမပါပဲ ထူးထူးခြားခြား ရိုက်ကူးထားတဲ့ ဇာတ်ကားတကားအနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ “အနီးအဝေးမရွေး အစဉ်ကြင်နာစိတ်ဖြာ… အနိမ့်အမြင့်အဆင့်ဟာ ရင်မှာအနှစ် ဗလာ… ငါဆိုသည်ငါ လွင့်ပါးသင့်တာ… ချင့်တွယ်စရာ မြန်မကြာ ထံတျာတေးကဗျာ… ရင်ဝယ်ချစ်ဆေးကျွေးမှ လူမှန်ပေတာ… ခိုင်မာစွာ သမုဒယဖွဲ့ ချီနှောင်ကာသာ… ကြာကြာလေ ရစ်ပတ်လို့ ခင်မင်တွယ်တာ… လောကရဲ့အလှ ပန်းချီရေး… အေးချမ်းသာယာ” ဒီသီချင်းကိုတော့ ခုတခါမှာ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် ဂုဏ်ပြုသီဆိုပွဲမှာ အမျိုးသမီးတေးသံရှင် ချောစုခင်ရဲ့ တကျော့ပြန် သီဆိုဟန်နဲ့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ ဂီတလောကမှာ ဆယ်စုနှစ် ၃ စုနီးပါး ဖြတ်သန်းခဲ့ပြီဖြစ်တဲ့ ချောစုခင်ဟာ ဆေးရောင်စုံ မိန်းကလေး၊ တစ်ခါချစ်ခွင့်စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေနဲ့ ဂီတလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး အဆိုတော် ဇော်ပိုင်နဲ့ စုံတွဲထွက်ရှိခဲ့တဲ့ အကြင်နာ အင်အားတေးအယ်လ်ဘမ်ကတော့ သူ့ကို ပရိသတ်အခိုင်အမာရရှိစေတဲ့ တေးအယ်လ်ဘမ်တချပ် ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ခိုင်မြဲသောအချစ်၊ မင်းကြိုက်သလိုချစ်တော့၊ မရွာဘဲမိုးခြိမ်းတယ်၊ ချစ်သူသိုးကလေး၊ မြက်ခင်းပေါ်က အိပ်မက်များ၊ နှစ်ယောက်တည်းကမ္ဘာ၊ စီးဆင်းချင်တယ်၊ ကိုကိုမူပိုင်၊ နေရောင်ခြည်ရဲ့အနမ်း၊ အချစ်စစ်ရဲ့လမ်းစတဲ့ တေးအယ်လ် ဘမ်တွေ ထွက်ရှိခဲ့ကာ သီချင်းပုဒ်ရေ ၂၀၀ ကျော်လောက် သီဆိုထွက်ရှိခဲ့ပါတယ်။ တခြားအတွဲတေးအယ်လ်ဘမ်တွေမှာရော၊ နာမည်ကြီး အဆိုတော်တွေရဲ့ သီချင်း တွေကို ပြန်ဆိုတေးအဖြစ် မြန်မာသံအနေနဲ့ရော စတီရီယိုတေးသီချင်းတွေကိုပါ ချိုကြည် ဩရှတဲ့ အသံနဲ့ ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ ချောစုခင်ရဲ့ သီဆိုမှုဟာ ခုတခါ “အတွယ်အတာ”သီချင်းထဲမှာလည်း လတ်ဆတ်နေဆဲ ဖြစ်နေတာကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
1 year Ago
Up