ဝင်ပြိုင်

September 12, 2020

လူထုတောင်းဆိုမှုကြောင့် တသီးပုဂ္ဂလဝင်ပြိုင်ခြင်းဖြစ်ဟု ကယားလွှတ်တော်ဥက္ကဋ္ဌပြော

လူထုရဲ့တောင်းဆိုမှုအရ ၂၀၂၀ ရွေးကောက်ပွဲကို တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာလို့ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောပါတယ်။ “ကျနော်အခု တသီးပုဂ္ဂလပြိုင်တယ်ပေါ့။ ဒါလည်းပဲ ကျနော်က တရားဝင်တော့ ငါက အန်အယ်လ်ဒီက မပါလို့ တသီးပုဂ္ဂလပြိုင်တယ် မဟုတ်ပါဘူး။ ကျနော်ပြောခဲ့သလိုပဲ လူနဲ့ပါတီကို ပါတီကြည့်မယ်၊ ပါတီနဲ့ပြည်သူ ပြည်သူကို ကြည့်မယ်ဆိုတော့ ကျနော့်အမျိုးသမီးကို ကျနော့်မဲဆန္ဒနယ်ကို လွှတ်တယ်။ ပြီးတော့ မဲဆန္ဒနယ်က ပြည်သူရဲ့ဆန္ဒအရ ကျနော် တသီးပုဂ္ဂလပြိုင်တာပါ။” သူ့အနေနဲ့ အရင် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ရှားတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှာပဲ ပြန်လည်ဝင်ရောက်အရွေးခံမယ်လို့ ဆိုပါတယ်။ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တာကြောင့် အန်အယ်လ်ဒီပါတီကနေ ဩဂုတ် ၁၀ ရက်နေ့မှာ နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဦးလှထွေးက ပြောပါတယ်။ “ကျနော်က နုတ်ထွက်တာမဟုတ်ဘူး။ သူတို့က နုတ်ထွက်ခိုင်းတာ။ ၆ ရက်နေ့မှာ နုတ်ထွက်ခိုင်းတယ်။ နုတ်ထွက်ခိုင်းတဲ့နေ့မှာပဲ ကျနော်က နုတ်ထွက်စာတင်လိုက်တယ်။ ၈ လပိုင်း ၁၀ ရက်နေ့မှာ နုတ်ထွက်စာ ကျပြီးသားပါ။ ” အန်အယ်လ်ဒီပါတီကနေ ဝင်ရောက်အရွေးခံဖို့ ကိုယ်စားလှယ်လောင်းတင်ခဲ့ပြီး ရပ်မိရပ်ဖက ရွေးချယ်လို့ ပါဝင်လာခဲ့သလို မြို့နယ်နဲ့ ပြည်နယ်အဆင့်မှာလည်း ဦးစားပေးအနေနဲ့ ပါဝင်လာခဲ့ပေမယ့် ဗဟိုရွေးချယ်မှုမှာ မပါတော့ဘူးလို့ ပြောပါတယ်။ “ပြောမယ်ဆိုရင် ရပ်မိရပ်ဖ ၅ ဦး ကျနော်တို့မြို့နယ်ကနေ တင်လာတယ်။ အဲ့ဒီမှာက ကျနော်တို့ မြို့နယ် EC က ၁၇ ယောက်ရှိတယ်။ အဲဒီမှာ ၁၅ မဲ ၂ မဲ ကျနော်က ၁၅ မဲရတယ်။ ကျနော်နဲ့ ပြိုင်မယ်လူက ၂ မဲရတယ်။ ပြည်နယ် EC မှာကျတော့ ၁၉ ယောက်ရှိတယ်။ ကျနော်က ၁၇ မဲ၊ ၂ မဲ။ ကျနော်အဲဒီပေါ်က သဘောထားကိုတော့ အဖြေထပ်မပေးချင်ပါဘူး။ ဒီမှာအောက်ခြေမှာ ခိုင်မှာလျက်သားနဲ့ အပေါ်က မရဘူးဆိုတာတော့ .. သူတို့လည်း ရည်ရွယ်ချက်ရှိမှာပေါ့။ ” ဦးလှထွေးဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြောက်ခံခဲ့ရပါတယ်။ ကယားပြည်နယ် ဖားဆောင်းမြို့နယ်အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိုင်းသန်းရွှေ၊ ဖရူဆိုမြိုနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမူနဲ့ အန်အယ်လ်ဒီပါတီဝင်တချို့လည်း အောက်ခြေမှာ ပါတီကိုယ်စားလှယ်ရွေးချယ်ပြီး ဗဟိုအဆင့်မှာမပါလာလို့ တသီးပုဂ္ဂလ အဖြစ်ဝင်ရောက်ယှဉ်တာ ရှိနေပါတယ်။ ကယားပြည်နယ်မှာ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၂ ဦးအပါအဝင်  နိုင်ငံရေးပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၇၂ ဦးရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
9 months Ago

July 31, 2020

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားလှယ်လောင်း ၄၀ ဝန်းကျင်ဝင်ပြိုင်မည်  

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း   ၄၀ ကနေ ၅၀ ဝန်းကျင်လောက် ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမှာ ဖြစ်တယ်လို့ ပါတီခေါင်းဆောင်ပိုင်းက  ပြောပါတယ်။ ဇူလိုင် ၃၁ ရက်မနက်အထိတော့ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၃ ဦး၊  ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၂၀ ဦး  စုစုပေါင်း ၃၃ ဦး ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဒီဗွီဘီကိုပြောပါတယ်။  ပါတီကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေ မပြီးပြတ်သေးဘဲ နောက်ထပ် တင်မယ့်သူတွေလည်းရှိနေသေးတဲ့အတွက် စာရင်းအတိအကျမထုတ်ပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။ ပါတီအနေနဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းမှာ အဓိကဝင်ပြိုင်မှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေထဲမှာ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဆွေနဲ့  အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းတို့  အပါအဝင် လူငယ်တွေနဲ့ အမျိုးသမီးတွေပါဝင်ဖို့ ရွေးချယ်ထားတယ်လို့ သိရပါတယ်။  ပါတီအတွင်းရေးမှူးချုပ်  ဒေါ်သန်းသန်းနုက “ ကျမတို့က အဓိကဘာလဲဆိုတော့ တိုင်းပြည်အပေါ်မှာ ချစ်တဲ့စိတ်ပေါ့ အဲဒါတော့ အဓိက ရှိရမယ်။ ရွေးကောက်ပွဲ ဝင်လိုက်ပါသည်ဆိုတဲ့ ဟာမျိုးလေးနဲ့ မဟုတ်ဘူးပေါ့။ တကယ်ဆန္ဒရှိတယ်၊ ကိုယ့်ပါတီအပေါ်မှာလည်း သစ္စာရှိတယ် အဲဒါမျိုးဖြစ်ရမှာပေါ့။ ကျမတို့က ပညာအရည်အချင်းတော့ အဓိကမထားဘူး။ ဒါပေမဲ့ ကျမတို့ ကိုယ်စားလှယ်လောင်းထဲက အသက် ၂၆ နှစ် အငယ်ဆုံးက သူက ဘီအီး အင်ဂျင်နီယာဘွဲ့ရဖြစ်တယ်။ နောက် ကလေးမလေးတစ်ယောက်ဆိုရင် ဥပဒေဘွဲ့ Law အောင်ထားတာရှိတယ်။ အဲဒါမျိုးတွေရှိပါတယ်။ ဒါပေမဲ့ လူတိုင်း ပညာဘယ် အဆင့်ရရမယ်။ ဘာဘွဲ့တွေရရမယ်ဆိုပြီး ကျမတို့ သတ်မှတ်ချက်မရှိပါဘူး။ ”လို့ပြောပါတယ်။ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ၊ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုနဲ့ ဒုဝန်ချုပ်ဟောင်းဦးကျော်ငြိမ်းရဲ့သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့  ခေါင်းဆောင်တဲ့  ဒီမိုကရက်တစ်ပါတီ (မြန်မာ)ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်နေရာ ၃  နေရာ အနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၅၂ နေရာဝင်ပြိုင်ရာမှာ  ၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။  
11 months Ago
Up