ဝင်ဘယ်ဒန်တင်းနစ်

July 16, 2018

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ် ဗိုလ်စွဲ

မနေ့ကယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန်အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ကီဗစ် အန်ဒါဆန်ကို ၃ ပွဲပြတ်နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဆီမီးဖိုင်နယ်တုန်းက နာမည်ကြီး နဒါးကို ခက်ခက်ခဲခဲ ဖြတ်ကျော်လာရတာပါ။ အန်ဒါဆန်ကတော့ တောင်အာဖရိက နိုင်ငံသားတွေထဲကနေ ပထမဆုံးအဖြစ် ဝင်ဘယ်ဒန်ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။ ဂျိုကိုဗစ်က ပထမပွဲကို ၆ - ၂၊ ဒုတိယပွဲကို ၆ - ၂၊ တတိယပွဲကို ၇ - ၆ နဲ့နိုင်ပြီး ချန်ပီယံဆု ရယူသွားတာပါ။ ဂျိုကိုဗစ်ဟာ ဝင်ဘယ်ဒန် ချန်ပီယံဆုကို ၄ ကြိမ်မြောက် ဆွတ်ခူးနိုင်တာဖြစ်ပြီး အခုရတဲ့ ချန်ပီယံဆုဟာ ဂျိကိုဗစ်အတွက်တော့ ၁၃ ခုမြောက်ရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။
3 years Ago

July 15, 2018

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် အန်ဂျလီက စရီနာကို အနိုင်ယူဗိုလ်စွဲ

မနေ့က ယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးခြင်း ဗိုလ်လုပွဲမှာ ဂျာမန် တင်းနစ်မယ် အန်ဂျလီ ကာဘာက နာမည်ကြီး အမေရိကန် တင်းနစ်သမား စရီနာ ဝီလျံစ်ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ကမ္ဘာ့အဆင့် ၁၁ ဖြစ်တဲ့ ကာဘာက ဂရန်းစလန် ဆုဖလား ၂၃ ခု ရထားတဲ့ စရီနာကို အနိုင်ရခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် စရီနာဟာ ဝင်ဘယ်ဒန် ပြိုင်ပွဲမှာ ချန်ပီယံ ၇ ကြိမ် ဖြစ်ဖူးထားပါတယ်။ ဂျာမန်သူ ကာဘာက လက်စွမ်းပြပြီး နှစ်ပွဲစလုံးကို ၆ - ၃နဲ့ အနိုင်ရသွားတာပါ။ ကာဘာအတွက်တော့ ဝင်ဘယ်ဒန် ဂရန်းစလန်း ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။ ချန်ပီယံ ကာဘာဟာ ဂျာမဏီနိုင်ငံသူတွေထဲကနေ စတက်ဖီ ဂရပ်ပြီးရင် ၁၉၉၆ နောက်ပိုင်းမှာ ဝင်ဘယ်ဒန်ဆုဖလားကို ပထမဆုံး ဆွတ်ခူးနိုင်တဲ့သူလည်း ဖြစ်ပါတယ်။
3 years Ago

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲတွင် ဂျိုကိုဗစ်က ရာဖယ်နဒါးကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်

မနေ့က ယှဉ်ပြိုင်သွားတဲ့ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးခြင်း ဆီမီးဖိုင်နယ်မှာ နိုဗက် ဂျိုကိုဗစ်က နာမည်ကြီး ရာဖယ်နဒါးကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ နာမည်ကြီး တင်းနစ်သမား နှစ်ယောက် ဆုံတာဖြစ်လို့ အကြိတ်အနယ်နဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျိုကိုဗစ်က အပြန်အလှန် အကွက်ချ ရိုက်ချက်တွေမှာ အသာစီးယူနိုင်ခဲ့ပါတယ်။  လက်ရည်မကွာတဲ့ နှစ်ယောက်တွေ့တာဖြစ်လို့ ၅ ပွဲ အပြည့် ရိုက်ခဲ့ပြီး ၅ နာရီနဲ့ ၁၆ မိနစ်ကြာ ရိုက်ခဲ့ပါတယ်။ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ဒုတိယအကြာဆုံး ပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ ၅ ကြိမ်မြောက်အဖြစ် ဝင်ဘယ်ဒန် ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။ ဒီပွဲနိုင်လို့ ဂျိုကိုဗစ်ဟာ ၂ဝ၁၆ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဂရန်းစလန်းဆုဖလားရဖို့ နီးစပ်သွားပါတယ်။
3 years Ago
More News
Up