ဝက်သားကင်ပြီး

December 21, 2019

နေဘယ်လောက်ပူသလဲဆိုတာကို ကားပေါ် ဝက်သားကင်ပြီး  သက်သေပြ

သြစတြေးလျအနောက်ပိုင်းမှာ နေဘယ်လောက်ပူလဲ ဆိုတာကို ကားပေါ်မှာ ဝက်သားကင်ပြပြီးတော့ အမျိုးသားတယောက်က သက်သေပြလိုက်ပါတယ်။  ဝက်သားကင်တပွဲရဖို့ ဝက်သားရယ်၊ ဒတ်ဆန်းကားအစုတ်တစီးရယ်ပဲ လိုပါတယ်လို့ စတူပန်ဂယ်လီလို့ ခေါ်တဲ့ ပတ်မြို့သားတယောက်က  သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။ စတူဟာ ဒီလုပ်ရပ်ကို အပျော်သဘောနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ သူ့စမ်းသပ်မှုဟာ တကယ်အလုပ်ဖြစ်ခဲ့ပါတယ်။ စတူဟာ ၁ ဒသမ ၅ ကီလိုဂရမ်ရှိတဲ့ ဝက်သားအစိမ်းတွေကို သူ့ဒတ်ဆန်းကား ရှေ့ခန်းမှာ ၁၀ နာရီလောက် ပစ်ထားခြင်းနဲ့ ကင်ပြခဲ့တာပါ။ သူဟာ ကားအတွင်း အပူချိန် ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်သာ ရှိသေးတဲ့ မနက် ၇ နာရီလောက်မှာ ဝက်သားတွေကို ကားရှေ့ခန်းထဲ ထားခဲ့တာဖြစ်ပြီး သာမိုမီတာနဲ့ အပူချိန်ကို တနေကုန်‌ စောင့်ကြည့်ခဲ့ပါတယ်။  နေ့လယ်ခင်းအချိန်မှာ အပူချိန်ဟာ ၈၁ ဒီဂရီအထိ မြင့်တက်လာခဲ့ပြီး ၁၀ နာရီကြာတဲ့အချိန်မှာတော့ ဝက်သားတုံးဟာ စားလို့ရတဲ့အထိအောင် ကျက်သွားခဲ့တာကိုလည်း အံ့သြစရာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဝက်သား ကျက်သွားတယ် ဆိုတာကို သက်သေပြဖို့ စတူဟာ ဝက်သားတုံးကို ဓားနဲ့လှီးခဲ့ပြီး အတွင်းသားတွေကို ပြသခဲ့ကာ သူကိုယ်တိုင်လည်း တကိုက် စားပြခဲ့ပါသေးတယ်။ သူဟာ ဒီဖြစ်ရပ်ကို သူ့လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးတော့ နောက်တခါဆို အမဲသားနဲ့ စမ်းပြမယ်လို့လည်း ပြောပါတယ်။ သူ့စမ်းသပ်မှုမှာ အသုံးပြုတဲ့ ကားအခြေအနေကြောင့် အပူရှိန်ဟာ အသားကို ကျက်သွားစေခဲ့တာ ဖြစ်ပေမယ့် ယာဉ်မောင်းတွေအနေနဲ့ ဒီရာသီမှာ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေကို ကားထဲမှာ မထားခဲ့ဖို့လည်း စတူက သတိပေးထားပါတယ်။
2 years Ago
Up