ဝက်ဝမ်းကျရောဂါ

November 7, 2019

အင်ဒိုနီးရှားတွင် ဝက်ဝမ်းကျရောဂါကြောင့် ဝက် ၄၀၀၀ ကျော်သေဆုံး 

အင်ဒိုနီးရှားနိုင်ငံ မြောက်စူမားတြားပြည်နယ်ထဲမှာ ဝက်ဝမ်းကျရောဂါ ကူးစက်တာကြောင့် ဝက်ကောင်ရေ လေးထောင်ကျော် သေဆုံးခဲ့ပါတယ်။ အဆိုပါ ဝက်သေကောင်တွေကို နိုဝင်ဘာ ၆  ရက်က မြစ်တွေ၊ ကန်တွေထဲမှာ စွန့်ပစ်ထားပြီး ပတ်ဝန်းကျင် ညစ်ညမ်းစေတာကြောင့် အရေးယူပေးဖို့ ငါးဖမ်းသမားတွေက ပြောပါတယ်။   ‘နံဟောင်ပြီး ယင်တွေ ထနေတာ သေချာတာပေါ့၊ ကျနော်တို့ ငါးဖမ်းဖို့ ခက်လိမ့်မယ်၊ ရေကန်ထဲ အလောင်းတွေ လာပစ်တဲ့လူတွေကို ဖမ်းဖို့ မျှော်လင့်တယ်၊ ဒါပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး အနှောင့်အယှက်ပေးတယ်” လို့ ငါးဖမ်းသမား စူပရာနိုက ပြောပါတယ်။ ဝက်ဝမ်းကျရောဂါလို့ သိကြတဲ့ ဝက်နာရောဂါ(CSF) ဗိုင်းရပ်စ်ကို စက်တင်ဘာလက ဒိုင်ရီ ခရိုင်ထဲမှာ ပထမဆုံး စတင် တွေ့ရှိခဲ့ပြီးနောက် ခရိုင် ၃၈ ခုမှာ စောင့်ကြည့်ရေးစခန်းတွေကို ဖွင့်လှစ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ “စစ်ဆေးချက်အရ ဝက်သေတွေဟာ ဝက်ဝမ်းကျ ရောဂါ ဗိုင်းရပ်စ် ကူးစက်ခံရတာ ဖြစ်နိုင်ပါ တယ်။ ဒီတော့ ဒီဝက်သားကို မစားရင် လူတွေဆီကို ကူးစက်မှာ မဟုတ်ပါဘူး’လို့ ကျန်းမာရေးဌာနအရာရှိ တစ်ဆာဟာစီဘူအန်က ပြောပါတယ်.  အင်ဒိုနီးရှားစာရင်းအင်းဗျူရိုရဲ့ ကနဦးခန့်မှန်းချက်အရ မနှစ်က ဝက်သား တန်ချိန် ၃ သိန်း ၃ သောင်းနီးပါး ထုတ်လုပ်ခဲ့ပြီး စူမားတြားမြောက်ပိုင်း ပြည်နယ်မှာတော့ မနှစ်ကဝက်သား တန်ချိန် ၄ သောင်း ၃ ထောင်ကျော် ထုတ်လုပ်ခဲ့ပါတယ်။ အာရှတိုက်မှာ လတ်တလောမှာ CSF နဲ့ အာဖရိက ဝက်တုပ်ကွေးကူးစက်မှုတွေ ပေါ်ပေါက်နေပြီး ကမ္ဘာ့အကြီးဆုံး ဝက်မွေးမြူထုတ်လုပ်ရာ တရုတ်နိုင်ငံမှာ ဝက်ကောင်ရေ အများအပြား သေဆုံးပျက်စီးခဲ့ပါတယ်။
2 years Ago
Up