ဝက်နာသား

July 5, 2020

ဖျာပုံမြို့နယ် စျေးများတွင် ဝက်နာသားများ မရောင်းချရန် ကြီးကြပ်စစ်ဆေး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ဝက်ကူးစက်ရောဂါနဲ့ သေဆုံးသွားတဲ့ ဝက်နာသား၊ ဝက်သေသားတွေကို စျေးတွေမှာ မရောင်းချဖို့နဲ့ ပြည်သူတွေကိုလည်း မစားသုံးကြဖို့ ကြီးကြပ်ဆောင်ရွက်နေတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ရပ်ကွက် ကျေးရွာအုပ်စုတွေက ဝက်သေတဲ့ကောင်ရေ များနေတယ်လို့ သတင်းပေးပို့လာတာကြောင့် အခုလို ကြီးကြပ်ဆောင်ရွက်နေတာလို့ ဖျာပုံမြို့နယ် အထွေထွေးဦးစီးဌာ နအုပ်ချုပ်ရေးမှူး  ဦးသိန်းစိုးက ပြောပါတယ်။ “လိုအပ်မယ်ဆိုရင် ခရိုင်အဆင့်နဲ့ ပေါင်းစပ်လုပ်ရမယ်၊ မွေးကုဌာနနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ထားပါတယ်။ မွေးကုဌာနအနေနဲ့လည်း ဝန်ထမ်းတွေနဲ့ ကွင်းဆင်းပြီး လိုအပ်တာတွေ ဆောင်ရွက်တယ်လို့လည်း သိရပါတယ်။ ကျေးရွာဒေသအသီးသီးက ဝက်မွေးမြူတဲ့သူတွေ သိရှိနိုင်အောင် မွေးကုက ရပ်ကျေးအုပ်စုတွေကို အသိပညာပေးတွေ ဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်။ ဝက်တွေကို လွှတ်ကျောင်းစနစ်နဲ့ မမွေးဖို့၊ ဝက်တွေ ဇီဝလုံခြုံမှုရှိရေး၊ ဝက်တွေကို စားကြွင်းစားကျန်တွေ မကျွေးဖို့နဲ့ ကျက်အောင် ကျိုချက်ပြီးမှ ကျွေးဖို့အပါအဝင် ဝက်မွေးမြူရေးတွေ သိရှိရမယ့် လုပ်ငန်းစဉ်တွေကို အသိပေးထားပြီး ဖြစ်ပါတယ်။ ဝက်တွေ ရောဂါဖြစ်ပြီး သေတာတွေဖြစ်လာရင် ဝက်နာသားတွေ ဈေးတွေမှာ မရောင်းချဖို့ စည်ပင်ကော်မတီတွေနဲ့ ညှိနှိုင်းပြီး ကြီးကြပ်ဆောင်ရွက်ထားပါတယ်။” ဖျာပုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ စနေမျိုးအောင်က “လိုင်စင်စီရထားတဲ့ ဝက်သားရောင်းချတဲ့ဆိုင်တွေကို မနက်ဖြန်စျေးခုံပေါ်မှာ တင်ပြီးရောင်းချမယ့် ဝက်တွေကို ဒီလို ညနေဘက်ကတည်းက စစ်ရပါတယ်။ ဝက်တွေကို ကျန်းမာရေးကောင်း၊ မကောင်း စစ်ပြီး အများပြည်သူများ စားသုံးရန် သင့်တဲ့ ရောဂါမရှိတဲ့ ဝက်တွေကို အများပြည်သူများ စားသုံးရန်သင့်ကြောင်း ထောက်ခံချက်ထိုးပေးမှသာ လိုင်စင်စီတွေ ရောင်းချပိုင်ခွင့် ရှိတယ်၊ ဝက်တွေ ကျန်းမာရေးမကောင်းဘူးဆိုရင်၊ အများပြည်သူများ စားသုံးရန် မသင့်ဘူးဆိုရင် အဲဒီဝက်တွေကို ပေါ်ခွင့်မပြုဘူး” လို့  ပြောပါတယ်။ ဖျာပုံခရိုင်အတွင်းမှာ ဝက်တွေ ကူးစက်ရောဂါ ဖြစ်ဖြစ်ချင်း ကြားသိရတဲ့ အချိန်ကစပြီး တိမွေးကုဝန်ထမ်းတွေ၊ ကျေးရွာတွေက ကြက်ခြေပြာ ပိုးသတ်ဆေးဖျန်းတာ၊ ဝက်ရောဂါ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။  အခုအချိန်အထိ ဝက်တွေ သေဆုံးမှုတွေ ရှိနေသေးတယ်လို့ ဝက်မွေးမြူသူတွေဆီက သိရပါတယ်။ ခရိုင်တခုလုံးအနေနဲ့ ဝက်မွေးမြူရေး လုပ်ကိုင်သူတွေရဲ့ ပြောပြချက်အရ သေဆုံးတဲ့ ဝက်အကောင်ရေ ထောင်နဲ့ချီပြီး ရှိနိုင်တယ်လို့ သိရပြီး တာဝန်ရှိသူတွေဆီကနေတော့ တိကျတဲ့ စာရင်းအချက်အလက်တွေ မရသေးပါဘူး။ ကျော်စိုးမိုး
10 months Ago
Up