ဝက်စ်ဘရွန်း

February 14, 2018

ချဲလ်ဆီးနှင့်ပွဲတွင် ဒဏ်ရာရခဲ့သည့် စတာရစ်ခ်ျ အနားယူရမည်

ဝက်စ်ဘရွန်းတိုက်စစ်မှူး စတာရစ်ခ်ျဟာ ချဲလ်ဆီးကို ၃ ဂိုး ဂိုးမရှိနဲ့ရှုံးတဲ့ပွဲမှာ ဒဏ်ရာရသွားလို့ အနားယူရမှာ ဖြစ်ပါတယ်။ စတာရစ်ခ်ျဟာ ပွဲအစ ၃ မိနစ်မှာပဲ ချဲလ်ဆီးနောက်တန်းနဲ့ ထိခိုက်မိလို့ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။ စတာရစ်ခ်ျအနေနဲ့ လာမယ့် အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်မှာဖြစ်ပေမယ့် ဒဏ်ရာမပြင်းထန်ဖို့ နည်းပြ အလန်ပါဂျူးက မျှော်လင့်ထားပါတယ်။ အင်္ဂလန်ကစားသမား စတာရစ်ခ်ျဟာ လီဗာပူးအသင်းမှာ ပွဲထွက်ခွင့်မရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဝက်စ်ဘရွန်းအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတာပါ။ စတာရစ်ခ်ျအနေနဲ့ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ ရည်ရွယ်ချက်နဲ့ ဝက်စ်ဘရွန်းအသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး ဒဏ်ရာရရှိသွားတဲ့အတွက် လက်ရွေးစင်အသင်းမှာ ပြန်ပါဖို့ အခက်တွေ့နေပါတယ်။
3 years Ago

February 13, 2018

ဟာဇက်၊ မော့ဆက်တို့၏ဂိုးများဖြင့် ချဲလ်ဆီးက ဝက်စ်ဘရွန်းကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးက အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးထားလို့ နည်းပြ ကွန်တီလည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီပွဲမှာ ချဲလ်ဆီးက တိုက်စစ်မှူး ဂျရူးကို အထောင်ထားပြီး ဟာဇက်၊ ပက်ဒရိုတို့နဲ့ ပွဲထွက်လာပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို ၂၅ မိနစ်မှာ ဟာဇက်၊ ၆၃ မိနစ်မှာ မော့ဆက်တို့က သွင်းယူပါတယ်။ အိမ်ရှင် ချဲလ်ဆီးကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အပိတ်ဂိုးကို ၇၁ မိနစ်မှာ ဟာဇက်ကပဲ သွင်းယူပါတယ်။ ဒီပွဲမှာ ဟာဇက် ခြေစွမ်းပြကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ဒီပွဲနိုင်လိုက်လို့ ချဲလ်ဆီးဟာ ဖိအားတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီး ၅၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လှမ်းသွားပါတယ်။ ရလဒ်တွေ ဆိုးဝါးနေတဲ့ ဝက်စ်ဘရွန်းကတော့ အမှတ် ၂၀ နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၂၀ မှာ ရပ်တည်နေပါတယ်။
3 years Ago
Up