လွှတ်တော်ရွေးကောက်ပွဲ

July 15, 2019

ရုရှား လွှတ်တော်ရွေးကောက်ပွဲတွင် အတိုက်အခံများအပေါ် ကန့်သတ်ချက်များအား ဆန္ဒပြ

ရုရှားနိုင်ငံမြို့တော် မော်စကို ဒေသန္တရ လွှတ်တော်ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ကိုယ်စားလှယ်တွေ ဝင်ပြိုင်လို့မရအောင် တားမြစ်ပိတ်ပင်မယ့် ကန့်သတ်ချက်တွေကို ဇူလိုင် ၁၄ ရက်က လူတထောင်ကျော် ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ကိုယ်စားလှယ်လောင်း အများစုဟာ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးကောက်ပွဲဝင်ဖို့ လိုအပ်တဲ့ လက်မှတ်တွေ ပြည့်မီအောင် မရထားဘူးလို့ ရုရှား ရွေးကောက်ပွဲကော်မရှင်က ပြောအပြီးမှာ အတိုက်အခံ ခေါင်းဆောင်တွေက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။ အမတ်နေရာ ၄၅ နေရာရှိတဲ့ လွှတ်တော်အတွက် စက်တင်ဘာ ၈ ရက်မှာ မဲပေးဖို့ ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်တဲ့ လူစာရင်းကို ကော်မရှင်က တရားဝင် မကြေညာရသေးပါဘူး။ သမ္မတ ဗလာဒီမီယာ ပူတင်ကို ဝေဖန်သူ အီလီယာ ယာရှင်နဲ့ တခြား တက်ကြွလှုပ်ရှားသူ အတော်များများက မဲရှင်တွေနဲ့အတူ တနင်္ဂနွေနေ့မှာ အစည်းအဝေးလုပ်ဖို့ ဆော်သြခဲ့ပါတယ်။ အစည်းအဝေးကတဆင့် ချီတက်ပွဲ ဖြစ်လာခဲ့ပြီး မော်စကို မြို့တော်ဝန်ရုံးကတဆင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဌာနချုပ်ဆီ ချီတက်ခဲ့ကြပါတယ်။ ယာရှင်ကို ထောက်ခံတဲ့လက်မှတ် အများအပြားက အကြံအဖန် လုပ်ထားတာဆိုတဲ့  ကော်မရှင်ရဲ့ စွပ်စွဲချက်ဟာ လုံးဝ လိမ်လည်မှုလို့လည်း ယာရှင်က ပြောပါတယ်။ ယာရှင်နဲ့ ရှေ့နေတယောက် အပါအဝင် ဆန္ဒပြသူ ၃၈ ယောက် အဖမ်းခံရတယ်လို့ မေဒူဇာ သတင်းဌာနက ပြောပါတယ်။ ရုရှားအစိုးရကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ လွှတ်တော်အတွက် ဒါမှမဟုတ် သမ္မတရုံးအတွက် ဝင်ပြိုင်ခွင့်မရအောင် ငြင်းပယ်တဲ့ သမိုင်းကြောင်းလည်း ရုရှားမှာ ရှိနေပါတယ်။
2 years Ago

May 27, 2019

အီးယူ လွှတ်တော်ရွေးကောက်ပွဲ ကျင်းပ၊ မဲပေးသူ ၅၀ ရာခိုင်နှုန်းခန့်ရှိ

ဥရောပသမဂ္ဂ အီးယူတခုလုံးရဲ့ လွှတ်တော်ရွေးကောက်ပွဲကို မေလ ၂၃ ရက်က စတင်ကျင်းပနေပြီး မေလ ၂၆ ရက်မှာတော့ လာရောက်မဲပေးသူ အရေအတွက် ခန့်မှန်းခြေ ၄၉ ရာခိုင်နှုန်းကနေ ၅၂ ရာခိုင်နှုန်းကြား ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ အဲဒီမတိုင်ခင် နောက်ဆုံးကျင်းပခဲ့တဲ့ ၂၀၁၄ အီးယူလွှတ်တော် ရွေးကောက်ပွဲမှာ လာရောက်မဲပေးသူ စုစုပေါင်း ၄၂ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ပါတယ်။ အဲဒီမဲပေးသူ အရေအတွက်ဟာ ဗြိတိန်နိုင်ငံကလွဲပြီး အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ ၅၁ ရာခိုင်နှုန်းရှိတယ်လို့လည်း အီးယူလွှတ်တော် ပြောခွင့်ရ ဒူဂရီယိုက ပြောပါတယ်။ ဒါဟာ နှစ် ၂၀ ကျော်အတွင်း အီးယူလွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးသူနှုန်း အများဆုံး ဖြစ်နိုင်ပြီး အီးယူရွေးကောက်ပွဲကို မဲပေးသူတွေ ပူးပေါင်းပါဝင်မှု နည်းတယ်ဆိုတဲ့ အချက်ကိုလည်း ပြောင်းပြန်လှန်လိုက်တဲ့ မှတ်တိုင်တခု ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဗဟိုလက်ယာဝါဒီ European Peoples' Party က လွှတ်တော်အမတ်နေရာ ၁၇၃ နေရာနဲ့ ထိပ်ဆုံးက ရပ်တည်နေတယ်လို့ လွှတ်တော်တာဝန်ရှိသူ တယောက်က မေလ ၂၆ ရက် ညနေပိုင်းမှာ ပြောပါတယ်။ ဆိုရှယ်လစ်တွေက အမတ်နေရာ ၁၄၇ နေရာနဲ့ လစ်ဘရယ်ပါတီတွေက အမတ်နေရာ ၁၀၂ နေရာ အသီးသီး ရထားပါတယ်။
2 years Ago
Up