လွှတ်တော်ဥက္ကဋ္ဌ သတိပေးထားသည့်ကြားက မဲခွဲဆုံးဖြတ်ရာတွင် ပယ်မဲဆက်ပါနေ

June 13, 2018

လွှတ်တော်ဥက္ကဋ္ဌ သတိပေးထားသည့်ကြားက မဲခွဲဆုံးဖြတ်ရာတွင် ပယ်မဲဆက်ပါနေ

  စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်လိုက်တိုင်း ပယ်မဲ အနည်းဆုံး ၁ မဲ အမြဲတမ်းပါနေတဲ့အပေါ် ဇွန်လ ၁၁ ရက်က ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက သတိပေး ပြောဆိုခဲ့ပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပယ်မဲဖြစ်အောင်ပေးနေတာက မဲမပေးတတ် တော့လို့ ဒီလိုလုပ်တယ်လို့တော့ လက်မခံပါဘူး။ ဒါဟာ တမင်ရည်ရွယ်ချက်နဲ့လုပ်တယ်လို့ပဲ နားလည်ပါတယ်။ အဲဒီတော့ ဒါဟာ လွှတ်တော်ကို စော်ကားရာရောက်ပါတယ်။ အဲဒီတော့ ကိုယ်စားလှယ်တော်ကြီးများကို မေတ္တာရပ်ခံချင်တာက ဆန္ဒမဲပေးတဲ့အခါမှာ မိမိရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒကို ဖော်ထုတ်ခွင့်ရှိပါတယ်။ ပေးရမယ့် တနေရာထဲမှာပဲ ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ ပေးဖို့ပဲလိုပါတယ်။ ဒီလို ပုံစံမျိုးကြီးနောက်တခါ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်”ဆိုပြီး ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ဇွန်လ ၁၃ ရက် ဒီကနေ့ကျင်းပတဲ့ လွှတ်တော်ပုံမှန်အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အမှတ်အသားတံဆိပ်နဲ့ပတ်သက်ပြီး လျှို့ဝှက်ဆန္ဒမဲပေး ဆုံးဖြတ်ရာ မှာ နောက်ထပ် ပယ်မဲတမဲ ထပ်ပါလာခဲ့တာဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကျင်းပနေစဉ်အတွင်းမှာ တစုံတရာပြောဆိုခဲ့တာ မရှိပေမယ့် အခုလို ပယ်မဲဖြစ်အောင် ပေးနေတဲ့အပေါ်မှာတော့ စုံစမ်းစစ်ဆေးအရေးယူဖို့ လိုအပ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ မဲပေးတာနဲ့ပတ်သက်ပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲ မကျင်းပခင် လပိုင်းအလိုကတည်းက ပါတီဝင်တွေနဲ့အတူ မဲပေးပုံပေးနည်းတွေနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောပွဲတွေကို ပါတီတိုင်းက အိမ်တိုင်ရာရောက် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းက “ပယ်မဲထည့်တဲ့ပုဂ္ဂိုလ်ကို ထောင်ချောက်ဆင်ဖမ်းဖို့တော့ မလွယ်ဘူးပေါ့ဗျာ။ ဒါ ဥပဒေနဲ့ညိတာကိုး။ ဒါပေမယ့် ကျနော်တို့ နည်း ကျနော်တို့ဟန်နဲ့ ဒီပုဂ္ဂိုလ်ကို ဖော်ထုတ်မှ ဖြစ်မှာ။ သူ့အနေနဲ့ မဲမပေးချင်ဘူးဆိုရင် ဘာမှမပေးဘဲ မဲပုံးထဲကို ဒီတိုင်းထည့်လိုက်လို့ရတယ်။ ကိုယ်ဆန္ဒရှိရာ တကွက်ထဲထည့်လိုက်လည်း ရတာပဲ။ ဒီဟာက တမင်လုပ်တာ။ ဒီနေ့ပယ်မဲမှာ ဆိုရင် ထောက်ခံကို အမှန်ခြစ်ထားတယ်။ အောက်က ကြားနေနဲ့ ကန့်ကွက်ကို ကြက်ခြေခတ် ခြစ်ထားတယ်။ ၃ ခုစလုံးရေးခြစ်ထားတဲ့အခါကျတော့ ပယ်ရတာပေါ့။ ပြီးခဲ့တဲ့ အကြိမ်ကလည်း ဒီပုဂ္ဂိုလ်ပဲ။ ၃ ခုစလုံးကို ကြက်ခြေခတ် ခြစ်ထားတယ်။ တစ်ယောက်ထဲပဲဖြစ်မယ်။ မှင်အရောင် တွေ၊ ကြက်ခြေခတ် အဆွဲအသတ်တွေကြည့်တော့ ပုံစံတူနေတယ်။ တမင်လုပ်နေတာ။ တတ်နိုင်တဲ့နည်းနဲ့ ဖော်ထုတ်ရမှာပေါ့”လို့ လွှတ်တော်အပြီး ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် နှစ်နှစ်ခွဲကာလအတွင်းမှာ ပုံမှန်အစည်းအဝေး ၁၄ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ်၊ အရေးပေါ်အစည်းအဝေး ၂ ကြိမ် စုစုပေါင်း အစည်းအဝေး ၁၇ ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
3 years Ago
Up