လွှတ်တော်အမတ်ပြော

A d v e r t i s e m e n t With Us

December 14, 2018

Sex အကောင့်များတွင် ပညာတတ်များပါဝင်နေမှု နိုင်ငံအတွက် ရင်လေးဖွယ်ဖြစ်ဟု လွှတ်တော်အမတ်ပြော

မြန်မာနိုင်ငံအတွင်း ဖေ့စ်ဘွတ်ခ် သုံးစွဲသူဦးရေ သန်း ၂၀ ကျော်ရှိပြီး အဲဒီထဲက Sex အကောင့်နဲ့ အုပ်စုဖွဲ့ဆောင်ရွက်မှုတွေရှိနေပြီး အဲဒီထဲမှာ ပညာတတ်လူငယ်တွေ ပါဝင်နေတာဟာ နိုင်ငံအတွက် ရင်လေးစရာဖြစ်တယ်လို့ ကရင်ပြည်နယ် လှိုင်းဘွဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ပြောပါတယ်။ မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း ဆက်သွယ်ရေး ၀န်ကြီးဌာနက သတင်းအချက်အလက် ဗဟိုဌာနကြီးတည်ဆောက်ခြင်း စီမံကန်းဆောင်ရွက်ဖို့ ကိုရီးယားနိုင်ငံမှ ချေငွေရယူခြင်းကိစ္စ ထောက်ခံဆွေးနွေးစဉ် ထည့်သွင်းပြောကြားသွာတာပါ။ “လက်ရှိနိုင်ငံတွင်းမှာ  ဖေ့စ်ဘွတ်ခ် သုံးစွဲသူလူဦးရေဟာ သန်း ၂၀ အထက်မှာရှိပါတယ်။  ဖေ့စ်ဘွတ်ခ်ဟာ တဦးနဲ့တဦး လွယ်လွယ်ကူကူ ချိတ်ဆက်နိုင်ပြီးတော့ ဗဟုသုတရစရာ လူသားတွေအတွက် အကျိုးပြုစရာ အများကြီးရနိုင်ပါတယ်။ ဒါတွေရနိုင်သလို တဖက်ကလည်း မသမာတဲ့ ရည်ရွယ်ချက်တွေနဲ့ မကောင်းမှု ဒုစရိုက်မျိုးစုံ လုပ်လာနိုင်ပါတယ်။  ဖေ့စ်ဘွတ်ခ် အကောင့်တုအတွေ အများကြီးဖောင်းပွနေတဲ့နေရာမှာ မကောင်းတဲ့ sex အကောင့်တွေလည်း အများကြီးရှိနေသလို ငွေလိမ်လည်မှုတွေ၊ ပစ္စည်းလိမ်လည်ရောင်းချမှုတွေအပြင်ကို ခြိမ်းခြောက် အကြပ်ကိုင်မှုတွေ၊ ငွေညစ်တာတွေလည်းလုပ်နေတာတွေကို ကြားနေရပါတယ်။ Sex အကောင့်တွေဟာ အုပ်စုဖွဲ့ပြီးတော့ ဆောင်ရွက်နေတယ်လို့လည်း ကြားသိရပါတယ်။ လက်ရှိဒီအုပ်စုတွေမှာ ပညာတတ်လူငယ်တွေ ပါဝင်နေတာဟာ နိုင်ငံအတွက် ရင်လေးစရာတွေဖြစ်နေပါတယ်။ ဒီအုပ်စုတွေထဲမှာ မိန်းကလေးပညာတတ်တွေလည်း ပါဝင်နေတယ်လို့ ကြားသိရပါတယ်။  အခုလို အခြေအနေမှာ မိန်းကလေးတွေသာမကပဲ ယောက်ျားတွေအနေနဲ့ အထူးသဖြင့် ဂုဏ်သရေရှိလူကြီးတွေဟာလည်း သူတို့အဖွဲ့ရဲ့ ပစ်မှတ်အဖြစ်နဲ့ ဖြစ်လာနိုင်တဲ့ အနေအထား ရှိနေတာ ကြားသိရပါတယ်။” ဒါ့အပြင် Cyber Crime Police ရဲ့ ဟော့လိုင်းဖုန်းနံပါတ် 0674015 ဟာလည်း ထိထိရောက်ရောက် မထိန်းချုပ်နိုင်တာ၊ ပြည်သူတွေအကျိုးကို မကာကွယ်နိုင်တာတွေ တွေ့ရတယ်လို့လည်း ထောက်ပြပြောဆိုသွားပါတယ်။ ဒါကြောင့် နိုင်ငံနဲ့ ပြည်သူတွေအတွက် အလွန်အရေးကြီးပြီး အန္တရာယ်ကြီးတဲ့ လူမသိသူမသိ ပြဿနာတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ဖို့နဲ့ နိုင်ငံဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူပြုနိုင်တဲ့ စီမံကိန်းဖြစ်တာကြောင့် ထောက်ခံတင်ပြလိုက်လို့ ဦးခင်ချိုက ပြောပါတယ်။ နည်းပညာအကူအညီနဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူခဲ့ရာမှာ ၂၀၁၅ ခုမှာ ၅၃ မှု၊ ၂၀၁၆ ခုမှာ ၂၈၁ မှု၊ ၂၀၁၇ ခုတွင် ၅၅၅ မှုနဲ့ အခု ၂၀၁၈ ခု ဇွန်လ အထိ ၃၂၈ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ကာယကံရှင်ရဲ့ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံနဲ့အရှက်ခွဲတာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်တာ (Personal Attack)၊ ခြိမ်းခြောက်ငွေညှစ်တာ၊ အစော်ကားခံရတာတွေ ကြုံတွေ့လာပါက ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသောသက်သေ အထောက်အထား (Electronic Record) နဲ့ တရားစွဲဆိုနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ သတင်းနှင့်နည်းပညာဌာနမှ ထုတ်ပြန်ထားပါတယ်။ တိုင်ကြားမှုများအတွက် ဖုန်းနံပါတ် ၀၆၇-၄၀၇၁၅၈ (Cyber Crime Police) နဲ့ သက်သေအထောက်အထား ခိုင်လုံပါက သက်ဆိုင်ရာမြို့နယ် တရားရုံးနဲ့ နယ်မြေရဲစခန်းတွေမှာ ဆက်သွယ်ရေးဥပဒေနဲ့ ဦးတိုက်လျှောက်ထား တိုင်တန်းနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
2 years Ago

March 18, 2017

တာမွေ ဒုဦးစီးမှူး ကြိုးဆွဲချသေဆုံးမှု သံသယဖြစ်စရာရှိနေဟု လွှတ်တော်အမတ်ပြော (ရုပ်သံ)

တာမွေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝင်းထဲ ကြိုးဆွဲချသေဆုံးမှုမှာ သံသယဖြစ်စရာတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်းမှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က ဒုဦးစီးမှူး ဦးနေမျိုးဆွေ ကြိုးဆွဲချသေဆုံးခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ သေဆုံးသူရဲ့ ကိုယ်ခန္ဓာနဲ့ ပတ်ဝန်ကျင်မှာ ဒဏ်ရာတွေနဲ့ သွေးကွက်တွေရှိနေတာကြောင့် သံသယဖြစ်စရာတွေ ရှိနေတယ်လို့ တာမွေမြို့နယ်၊ မဲဆန္ဒနယ် ၁ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောဆိုလိုက်တာပါ။ “ကြိုးဆွဲချပြီးသေတာတွေကို နှစ်ခုသုံးခုလောက် မြင်ဖူးပါတယ်။ ကျန်တဲ့နေရာတွေမှာတော့ သွေးထွက်တာတို့ ဘာတို့ မရှိပါဘူး။ ဥပမာ ပုဆိုး၊ လုံချည်ရွှဲနေတယ်၊ ဒါမျိုးတွေပေါ့လေ၊ တွေ့တတ်ပါတယ်။ များသောအားဖြင့်တော့ လျှာထွက်တာတော့ ကြိုးဆွဲချတဲ့အသွင်ဆိုတာ ထွက်တာပေါ့။ ဥပမာ အောက်မှာ သွေးကွက်နဲ့ ဒဏ်ရာနဲ့ ဖြစ်နေတော့ စဉ်းစားစရာ အချက်တွေ ဖြစ်နေတယ်။ ဒါကို ပြောတာပါ။ ကံသေကံမရယ်လို့တော့ ဘာမှ စွပ်စွဲလို့ မရပါဘူး။” ရန်ကုန်တိုင်းဒေသကြီး အဆင့်မြင့်ရဲအရာရှိတဦးကတော့ ငွေကြေးကိစ္စ အရှုပ်အရှင်းတွေကြောင့် ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ကြောင်း လက်ရှိစစ်ဆေးချက်တွေအရ သိရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သေဆုံးခဲ့သူဟာ ဘယ်လိုကြောင့် သေခဲ့တယ်ဆိုတာ ဆေးစစ်ချက်ထွက်လာမှ သိရမှာဖြစ်တဲ့အတွက် ဆေးစစ်ချက်ဟာ မှန်ကန်ဖို့၊ ရိုးသားစွာထုတ်ပြန်ပေးဖို့ လိုအပ်တယ်လို့လည်း တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဦးကြီးမြင့်က ပြောပါတယ်။ “သတ်တဲ့သူက ပိုက်ဆံသိပ်ရှိနေတယ်။ ပိုက်ဆံသိပ်ရှိနေတဲ့အခါမျိုးမှာ ဆေးစာကို လိမ်ရေးခိုင်းတာပေါ့။ ဒါမျိုးတွေကျတော့ ဖော်ဖို့မလွယ်ဘူး။ တကယ်လို့ ဒီဟာက လူသတ်မှုဖြစ်ရဲ့သားနဲ့ လိမ်လည်ပြီးတော့ ဆေးစာရေး တယ်ဆိုရင်တော့ ပူးပေါင်းကြံစည်မှု ဖြစ်သွားတယ်။ နောက်အဲဒီရုံးရှေ့မှာ တကယ့်အဖြစ်ရပ်နဲ့ ဖြစ်နေတာနဲ့ ဒဏ်ရာတွေ့ရှိပုံ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ မမှန်မကန် တရားရုံးရှေ့မှာ ထွက်ဆိုမယ်ဆိုရင် လိမ်လည်မှုနဲ့ တရားဥပဒေအရ  မုသားသက်သေအနေနဲ့ အရေးယူလို့ရတယ်။ တမင်သက်သက်ကို ငွေကြေးကြောင့်ဖြစ်စေ၊ အကြောင်းတခုခုကြောင့်ဖြစ်စေ ဆေးစာကို မမှန်မကန်ရေးမယ်ဆိုရင် သူကပူးပေါင်းကြံစည်မှုနဲ့ ပါသွားလိမ့်မယ်။” သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီး အထွေထွေအုပ်ချူပ်ရေးဦးစီး ဌာနရုံးခြံဝင်းအတွင်းမှာ ၂ နှစ် ကျော်နေထိုင်ခဲ့တဲ့ လိုင်းခန်းအတွင်းမှာ ကြိုဆွဲချသေဆုံးနေ ခဲ့တာပါ။ သေဆုံးခဲ့သူ ဒုဦးစီးမှူး ဦးနေမျိုးဆွေရဲ့ မူလဇာတိက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်မှာနေထိုင်ပြီး ညီအစ်ကိုမောင်နှမ ၇ ဦးရှိပါတယ်။
4 years Ago
Up