လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်တိုက်ခိုက်ခဲ့သူအား ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်

July 2, 2019

လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်ခဲ့သည့် ဦးအောင်ဆန်းဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးကို ဝေဖန်တိုက်ခိုက်တယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆/ဃနဲ့တရားစွဲခံထားရသူ တဦးကို  ပေါင်မြို့နယ်တရားရုံးက ဇူလိုင် ၁ ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါတယ်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ် မုတ္တမမြို့၊ ကော့စိုင်ရပ်ကွက်နေ Lar Htar Kay အကောင့် ပိုင်ရှင် ဦးအောင်ဆန်းဦး (ပြည်သူ့အကျိုးပြု တက်ကြွလှုပ်ရှားသူ)ဟာ ၂၀၁၇ ဇွန်လ ၂၈ ရက်နေ့က ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “အဆင့်အတန်းမရှိတဲ့ အရက်သမား အရူးဘုံမြောက်”ဆိုပြီး တိုက်ခိုက်ရေးသားခဲ့လို့ ပေါင်မြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက အခုလို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆/ဃနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တရားစွဲဆိုခံထားရတဲ့ ဦးအောင်ဆန်းဦးက “ဆက်သွယ်ရေးပုဒ်မတခုနဲ့ဆွဲပြီး တရားခွင်ထဲ က ဖြေရှင်းရတဲ့အမှုတခုမှာ ၂နှစ်ကျော်ကြာသွားတဲ့အတွက် အချိန်ကာလအားဖြင့် အရမ်းများလွန်း ပြီး အခွင့်အရေးတွေဆုံးရှုံးတယ်လို့ သာမန်ပြည်သူ တယောက်အနေနဲ့ ကျနော်ပြောချင်တာက တော့ ပြည်သူရဲ့ဆန္ဒမဲနဲ့ နေရာရရှိခဲ့တဲ့ ကိုယ်စားလှယ်တယောက်ဟာ သာမန်ပြည်သူ တယောက် အပေါ်ကို ပြောဆိုခံရရုံနဲ့ ဝေဖန်သုံးသပ်ခြင်းမရှိဘဲ တရားစွဲဆိုတာကတော့ ဒီမိုကရေစီစနစ် မဆန်ဘူးလို့ဘဲ ကျနော်ပြောချင်ပါတယ်” လို့ဒီဗွီဘီကို ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ၂၀၁၇ ဒီဇင်ဘာလမှ တရားရုံးကစတင် ရုံးချိန်းခေါ်ယူစစ်ဆေးခဲ့ရာ ရုံးချိန်းပေါင်း ၆၀ ကျော်အပြီးမှာ ပေါင်မြို့နယ်တရားရုံးက ဦးအောင်ဆန်းဦးကို အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ယူမင်းစိုး
2 years Ago

July 31, 2017

လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်တိုက်ခိုက်ခဲ့သူအား ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ အဆင့်အတန်းမရှိတဲ့ အရက်သမားအရူးဘုံမြောက် ဆိုပြီး ဝေဖန်တိုက်ခိုက်ရေးသားခဲ့သူကို လွှတ်တော်ကိုယ်စားလှယ်က ပုမ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တရားစွဲလိုက်ပါတယ်။ ဇွန် ၂၈ ရက်နေ့ကစပြီး မုတ္တမမြို့၊ ကော့စိုင်ရပ်ကွက်နေ Lar Htar Kay အကောင့်ပိုင်ရှင် ဦးအောင်ဆန်းဦး (ပြည်သူ့အကျိုးပြုတက်ကြွလှုပ်ရှားသူ) ဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ "အဆင့်အတန်းမရှိတဲ့၊ အရက်သမား၊ အရူးဘုံမြောက်" ဆိုပြီး တိုက်ခိုက်ရေးသားခဲ့လို့ တနိုင်ငံလုံးအနှံ့အပြား သိရှိခဲ့ကြောင်း၊ ဒါဟာ ဆန္ဒမဲပေးရွေးချယ်ခဲ့တဲ့ ပြည်သူလူထုကိုလည်း "အရူး" ဆိုပြီး ခိုင်းနှိုင်းပြောဆိုရာရောက်ခဲ့တာကြောင့် ဂုဏ် သိက္ခာများစွာ ကျဆင်းခဲ့ရတာကြောင့် ဇူလိုင် ၂၇ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့် တရားစွဲဆိုရတာလို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောပါတယ်။ "ဇော်ဇော်ထူးကို စော်ကားရင်တော့ အကြောင်းမဟုတ်ဘူး။ ခုဟာက ကိုယ်စားလှယ်ကို ဂုဏ်သိက္ခာထိခိုက်အောင် စော်ကားတာပါ။ နောက်ပြီး မဲပေးခဲ့တဲ့ ပြည်သူလူထုကို ‘အရူး’ နဲ့ ခိုင်းနှိုင်းတဲ့ စကားလုံးက မသင့်တော်ပါဘူး။ ဒါကြောင့်မို့ ခုလို ဆက်သွယ်ရေးဥပဒေနဲ့ စွဲဖြစ် သွားတာပါ။ ကျနော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရတော့ ဘာမှမဖြစ်ပါဘူး။ ဥပဒေလမ်းကြောင်းအတိုင်းပဲ သွားမှာပါ" လို့ ပြောပါတယ်။ အမှုဖွင့် တရားစွဲခံရတဲ့ Lar Htar Kay အကောင့်ပိုင်ရှင်ဖြစ်သူ ဦးအောင်ဆန်းဦးက "သူ့ဘက်က ကျနော့်ကို စွပ်စွဲပြောဆိုနေတာက အကြိမ်ကြိမ်အလီလီရှိပါပြီ။ ကျနော့်ဘက်က လည်း ဒီကိစ္စကို ထိပ်တိုက်ရှင်းလင်းချင်လို့ ဆက်သွယ်ခဲ့တာ ဘယ်လိုမှဆက်သွယ်လို့ မရခဲ့ပါဘူး။ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အရက်မူးပြီး လိုက်ပြောနေမယ်ဆိုရင် အရက်သမားနဲ့ အရူးဆိုတာ တူတူပဲ။ ကိုယ်လုပ်ချင်တာလုပ်ပြီးရင် ဘုံပျောက်သလို၊ မှန်သလိုနဲ့ လုပ်နေကြတာ။ တကယ်တမ်းထိပ်တိုက်ရင်ဆိုင်ဖို့ ကမ်းလှမ်းတော့လည်း သူ့ဘက်ကရင်မဆိုင်ရဲဘူး။ သူနဲ့ မျက်နှာချင်းဆိုင်ထိပ်တိုက်ရှင်းချင်လို့ ကျနော့်ရဲ့ ဖေ့စ်ဘွတ်ခ် အကောင့်မှာ တရားဝင် မှန်မှန်ကန်ကန်တင်ခဲ့တာပါ" လို့ ပြောပါတယ်။ Lar Htar Kay အကောင့်ပိုင်ရှင်ဖြစ်သူ ဦးအောင်ဆန်းဦးအား ပေါင်မြို့မရဲစခန်းက (ပ) ၂၅၂/၂၀၁၇၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်တရားစွဲဆိုထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ သတင်း-ယူမင်းစိုး
4 years Ago
Up