လွှတ်တော်အနီး ဒရုန်းလွှတ်ခဲ့သည့် ပြင်သစ်နိုင်ငံသားတဦးကို ဖမ်းဆီး အရေးယူ

February 27, 2019

လွှတ်တော်အနီး ဒရုန်းလွှတ်ခဲ့သည့် ပြင်သစ်နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ် ၁ လချမှတ်

နေပြည်တော်လွှတ်တော်အနီးနားမှာ ဒရုန်းလွှတ်တင်ခဲ့တဲ့  ပြင်သစ်နိုင်ငံသား တဦးကို ဥတ္တရသီရိမြို့နယ်တရားရုံးက ဒီကနေ့ အလုပ်နဲ့ ထောင်ဒဏ် ၁ လ ချမှတ်ခဲ့ပါတယ်။ မြို့နယ် တရားသူကြီး ဒေါ်စုလာဘ်ရတနာဦးက “သူဟာ နိုင်ငံခြားသားဖြစ်တယ်။ မြန်မာနိုင်ငံအတွင်းကို ဒရုန်းသယ်လာခွင့်ရှိမရှိ မသိရှိတဲ့အတွက် ရုံးတော်က သက်ညှာတဲ့ အနေနဲ့ ပြစ်ဒဏ် အလုပ်နဲ့ ထောင်ဒဏ် တလအမိန့်ချမှတ်ပါတယ်"လို့ ပြောပါတယ်။ ပြင်သစ်နိုင်ငံသား Mr.Michel Desclaux ဟာ လွှတ်တော်နားမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ဒရုန်းလွှတ်တင်ခဲ့မိတာကြောင့်  အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဆိုပါ ပြင်သစ်နိုင်ငံသားဟာ တရားဝင် ဗီဇာနဲ့ ဇန်နဝါရီ ၃၀ ရက်က မြဝတီ နယ်စပ်ဂိတ်ကနေ စက်ဘီးနဲ့ ဝင်ရောက်လာတာဖြစ်ပြီး နေပြည်တော်ကို လာရာ လမ်းတလျှောက်က မြို့တွေမှာလည်း မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါတယ်။
2 years Ago

February 11, 2019

လွှတ်တော်အနီး ဒရုန်းလွှတ်ခဲ့သည့် ပြင်သစ်နိုင်ငံသားတဦးကို ဖမ်းဆီး အရေးယူ

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအနီးမှာ ဒရုန်းလွှတ်တင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား အမျိုးသားတဦးကို ဥတ္တရသီရိ မြို့နယ်ရဲစခန်းက ဖမ်းဆီးအရေးယူ ထားပါတယ်။ အဲ့ဒီ နိုင်ငံခြားသားဟာ  လွှတ်တော်ဝန်းအတွင်းက ကြိုးတံတား အမှတ် ၂ အနီးမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဒရုန်း လွှတ်တင်ခဲ့တာပါ။ လွှတ်တင်ခဲ့တဲ့ ဒရုန်း ဟာဆိုရင် တရားမ၀င် DJI အမှတ်တံဆိပ်ပါ အမျိုးအစားဖြစ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ ဥတ္တရသီရိမြို့နယ်ရဲစခန်း၊ ဘုရားကုန်းမြို့မရဲစခန်းတို့က ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားပါတယ်။ အဆိုပါပြင်သစ်နိုင်ငံသားဟာ အသက် ၂၇ နှစ်အရွယ်ရှိ  ဆောက်လုပ်ရေးအင်ဂျင်နီယာ Mr. MICHEL DESCLAUX ဖြစ်ပြီး တာဝန်ကျ လုံခြုံရေး ရဲတပ်သားကတွေ့ရှိလို့ အခုလို ဖမ်းဆီး အရေးယူခံရတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာကလည်း စင်ကာပူအခြေစိုက်  နိုင်ငံခြားရုပ်သံဌာနက သတင်းထောက်တွေနဲ့ ယာဉ်မောင်းတွေ လွှတ်တော်အနီး ဒရုန်းလွှတ်တင်ခဲ့လို့  ဖမ်းဆီး အရေးယူခံခဲ့ရဖူးပါတယ်။
2 years Ago
Up