လွှတ်တော်ကိုယ်စားလှယ်များ

May 11, 2019

လွှတ်တော်ကိုယ်စားလှယ်များအား စရဖအဖွဲ့ သတင်းရယူခြင်း ဥပဒေမချိုးဖောက်ဟု ကာကွယ်ရေးဒုဝန်ကြီးပြော

လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှုတွေကို စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ (စရဖ) ၀င်တွေက သတင်းရယူနေတာဟာ ဥပဒေချိုးဖောက်တာ မဟုတ်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က  ပြောပါတယ်။ မေလ ၁၀ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ ကော့သောင်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးခင်ဇော် မေးမြန်းတဲ့ “လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှုတွေအပေါ် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ ညီညွတ်မှုရှိမရှိ” မေးခွန်းမေးခွန်းအပေါ် ဒုဝန်ကြီးက ဖြေဆိုသွားတာပါ။ “အစိုးရအဖွဲ့အစည်းနှင့် လွှတ်တော်ကိုယ်စား လှယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများသည် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခြင်းဖြစ်သဖြင့် သတင်းရယူနိုင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် နည်းလမ်းများစွာ ရှိနိုင်ပါကြောင်း၊ ထိုအခြေအနေတွင် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သတင်းရယူမှုအား ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်းဖြစ်သည်ဟုမဆိုနိုင်ဘဲ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ ဆောင်ရွက်မှု၊ ပြောကြားမှုများအပေါ် မမှန်မကန် လုပ်ကြံဖန်တီး၍ သတင်းမှားများ ဖန်တီး ပြုလုပ်ခြင်းခံရမှသာ သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း။” ဒါကြောင့် သတင်းရယူတာဟာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေအား ဆန့်ကျင်ချိုးဖောက်တာမဟုတ်ဘဲ အများပြည်သူနဲ့အတူ ပွင့်လင်းမြင်သာစွာ သတင်းရယူခြင်းသာ ဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။ ဒီပြောဆိုချက်အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအနေနဲ့ လက်ခံနိုင်ဖွယ် မရှိဘူးလို့ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တုံ့ပြန်ပြောဆိုလိုက်လိုက်ပါတယ်။ “မေးတဲ့ မေးခွန်းကတမျိုး၊ ဝန်ကြီးဖြေသွားတာက တမျိုး။ တခြားစီဖြစ်နေတယ်လို့ မြင်တယ်။ ဝန်ကြီးအဖြေအပေါ်မှာ ကျမတို့ သဘောမတူဘူး။ ၂၀၁၅ ရွေးကောက်ပွဲအပြီးထိကို ကျမတို့နောက်ကနေ တချိန်လုံးလိုက်ပြီးတော့ သတင်းယူတာ၊ ရုပ်သံဖိုင်တွေနဲ့ တင်ပြတာတွေကို တချိန်လုံးခံခဲ့ရတာ။ အခုအချိန်မှာတော့ ဒီလိုအခြေအနေမျိုးနဲ့ ဒီလိုပုံစံမျိုးတွေကတော့ ဒီအခြေအနေမှာ မဖြစ်သင့်ဘူးပေါ့။ စတုတ္ထမဏ္ဍိုင်နဲ့ ဒီစရဖနဲ့ သတင်းယူတဲ့ ပုံစံခြင်း မတူညီတဲ့ အချက်တွေရှိတဲ့အတွက်ကြောင့် ဒီနှစ်ခုခိုင်းနှိုင်းပြီး ဝန်ကြီးရဲ့ ဥပမာပေးချက်ဟာ လွဲနေတယ်လို့ ပြောပါရစေ” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
4 years Ago

March 16, 2019

မှန်ကန်သည့်စေတနာဖြင့် ပူးပေါင်းကြရန် ကိုယ်စားလှယ်များကို လွှတ်တော်နာယက တိုက်တွန်း

ကိုယ်စားလှယ်တွေအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဆောင်ရွက်နေချိန်မှာ မှန်ကန်တဲ့စေတနာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လွှတ်တော်နာယကက တိုက်တွန်းလိုက်ပါတယ်။ မတ် ၁၅ ရက်နေ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အပိတ်အမှာစကားမှာ ပြောကြားခဲ့တာပါ။ "လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မိမိနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ထောင်ဖို့ ကြိုးစားဆောင်ရွက်နေကြတဲ့ အခုလိုကာလမှာ နိုင်ငံတော်နဲ့ နိုင်ငံသား ပြည်သူတွေအတွက် မှန်ကန်တဲ့ စေတနာနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်" လို့ ဦးတီခွန်မြတ်က ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး ကော်မတီအတွင်း ဆွေးနွေးဆောင်ရွက်နေသလို ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာအပေါ် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတဲ့ အစီအစဉ်ကိုလည်း ဒီကနေ့ အပြီးဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။ "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကျန်ရှိတဲ့ လုပ်ငန်းစဉ်တွေကို လာမယ့် ၁၂ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ဆက်လက်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။ ၁၁ ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ဥပဒေကြမ်း ၁၃ ခုကို အတည်ပြုနိုင်ခဲ့တဲ့အပြင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တွေနဲ့ဆိုင်တဲ့ ကိစ္စရပ် ၅ ခုနဲ့ အဖွဲ့အစည်းဆိုင်ရာ အစီရင်ခံစာ ၅ ခု အပါအဝင် လွှတ်တော်ဆိုင်ရာ တခြားကိစ္စရပ်တွေအတွက် ဆွေးနွေး၊ ဆုံးဖြတ်၊ မှတ်တမ်းတင်တာတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ နေဖြိုးဝင်း
4 years Ago
Up