လွှတ်တော်ကိုယ်စားလှယ်လောင်း

September 1, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရက် ကုန်ဆုံးပြီ

နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စိစစ်ရက်ဟာ သြဂုတ် ၃၁ ရက်မှာ နောက်ဆုံးသတ်မှတ်ရက်အဖြစ် ကုန်ဆုံးသွားပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်မှာ လျှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အတွက် စုစုပေါင်း ၆၁၈၉ ဦး ရှိပြီး ကော်မရှင်က နောက်ဆုံး စိစစ် အတည်ပြုနိုင်တဲ့အရေအတွက်ကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မန္တလေးတိုင်းအတွင်းမှာတော့ ဥပဒေနဲ့ မကိုက်ညီလို့ ကိုယ်စားလှယ်လောင်းအဖြစ်က ပယ်ခံထားရပြီး အယူခံ ပြန်ဝင်ထားသူ ၄ ဦးရှိတယ်လို့  မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်က ဒီဗွီဘီကို ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ၇ ဦး အပယ်ခံရပြီး သူတို့တွေကတော့ မန္တလေးတိုင်း ၁ ယောက်၊ ကယားပြည်နယ် ၁  ယောက်၊ ကချင်ပြည်နယ် ၃ ယောက်နဲ့ ရှမ်းပြည်နယ်က ၂ ယောက် ဖြစ်ပါတယ်။ ပယ်ချခံရသူတွေဟာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေမှာ အယူခံခွင့်တင်မှာ ဖြစ်ပြီး အဲဒီအဆင့်ကနေ ထွက်လာတဲ့ အဆုံးအဖြတ်ဟာ အတည်အဖြစ် လက်ခံရမှာပါ။ အယူခံဝင်တာ ရှုံးရင် ကိုယ်စားလှယ် အစားထိုးခွင့် မရှိတာကြောင့် အဲဒီမဲဆန္ဒနယ်ကို လက်လွတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ကော်မရှင်က မကြာခင်မှာ ကိုယ်စားလှယ်စားရင်းကို ထုတ်ပြန်ပေးမယ်လို့ ပြောဆိုထားပါတယ်။
6 years Ago

August 21, 2015

လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရက်ထပ်တိုး

ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း စိစစ်မယ့် နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ်လကုန်ထိ ၄ ရက်ထပ်တိုးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေပြီး လွှတ်တော် အစည်းအဝေးတွေ တက်ရောက်ရလို့ ကိုယ်တိုင်သွားရောက်စိစစ် မခံနိုင်တာကြောင့် ခုလို ရက်တိုးပေးလိုက်တာလို့ ဆိုပါတယ်။ လွှတ်တော် ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မယ့်ရက်ကို ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၈ ရက်မှ ၃၁ ရက် အထိ ပြောင်းလဲပြင်ဆင်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ကော်မရှင်ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါဟာ ဒုတိယအကြိမ်မြောက် ရက်ထပ်တိုးပေးလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကလည်း မြန်မာနိုင်ငံတ၀န်း ရေဘေးနဲ့ကြုံတွေ့နေရတာကြောင့် ကိုယ်စားလှယ်လောင်း စိစစ်နောက်ဆုံး သတ်မှတ်ရက်ကို သြဂုတ် ၂၇ ရက် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲအတွက် ပါတီပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်လောင်း ပေါင်း ၆၀၀၀ ကျော် ရွေးကောက်ပွဲကော်မရှင်မှာ စာရင်းသွင်းထားပါတယ်။
6 years Ago
Up