လွှတ်တင်ပြီးဒုံးပျံများ အကြိမ်ကြိမ် ပြန်အသုံးပြုနိုင်ရေး စမ်းသပ်မှု အောင်မြင်

April 6, 2016

လွှတ်တင်ပြီးဒုံးပျံများ အကြိမ်ကြိမ် ပြန်အသုံးပြုနိုင်ရေး စမ်းသပ်မှု အောင်မြင် (ရုပ်သံ)

အမေဇုန် (Amazon) အင်တာနက်အရောင်းဆိုင်ကြီးကို ထူထောင်သူ စီအီးအို ဂျပ်ဘေဇိုးစ် (Jeff Bezos) ရဲ့ Blue Origin အာကာသကုမ္ပဏီက လွှတ်တင်ပြီး ဒုံးပျံတွေကို  အကြိမ်ကြိမ် ပြန်အသုံးပြုနိုင်ရေး စမ်းသပ်မှုမှာ ပြီးခဲ့တဲ့တပတ်က တတိယအကြိမ် စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ The New Shepard လို့ အမည်ပေးထားတဲ့ ဒုံးပျံမှာ လူ ၆ ဦး လိုက်ပါနိုင်တဲ့ အခန်းငယ်တခုကို သယ်ဆောင်ပြီး ဧပြီ ၂ ရက်နေ့က တက္ကဆက်ပြည်နယ် အနောက်ပိုင်းမှာ လွှတ်တင်ခဲ့ပြီး မိနစ်အနည်းငယ်အကြာ လွှတ်တင်လိုက်တဲ့ နေရာမှာပဲ အတည့်အတိုင်း ပြန်ပြီး ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒုံးပျံနဲ့အတူ လွှတ်တင်လိုက်တဲ့ လူလိုက်ပါနိုင်တဲ့ အခန်းငယ်ကတော့ အဲ့ဒီအနီးမှာပဲ လေထီးနဲ့ ပြန်ပြီး မြေပြင်ပေါ် ဆင်းသက်ခဲ့ပါတယ်။ အခုလို ဒုံးပျံတွေကို လွှတ်တင်ပြီး အတည့်ပြန်ကျတဲ့ စမ်းသပ်မှုမျိုးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ ဇန်န၀ါရီလတွေမှာလည်း အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လူတကယ်လိုက်ပါတဲ့ ဒုံးပျံစမ်းသပ်လွှတ်တင်မှုကိုတော့ လာမယ့်နှစ်ထဲမှာ စမ်းသပ်မှာဖြစ်ပြီး စီးပွားဖြစ် အာကာသခရီးစဉ်တွေကိုတော့ အစောဆုံး ၂၀၁၈ ထဲမှာ စတင်ဖြစ်လိမ့်မယ်လို့ စီအီးအို ဘေဇိုးစ်က ပြောဆိုပါတယ်။
6 years Ago
Up