လှူဒါန်းမည်

September 3, 2017

ရခိုင်တိုင်းရင်းသားကျေးရွာများမှ အလှူငွေကောက်ခံ၍ ဒုက္ခသည်များအား လှူဒါန်းမည်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွထွက်ပြေးနေတဲ့ ဒုက္ခသည်တွေအတွက် ဧရာဝတီတိုင်းမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကနေ လှူဒါန်းငွေတွေ ကောက်ခံသွားမယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောက ဦးဆောင် ကောက်ခံသွား မှာဖြစ်ပြီး စက်တင်ဘာ ၄ ရက်နေ့မှစတင်ကာ ငပုတောမြို့နယ်ထဲမှာရှိနေတဲ့ ရခိုင်တိုင်းရင်းသား ကျေးရွာတွေမှာ လိုက်လံကောက်ခံသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုသိမ်မြို့ရွှေစည်းခုံ ဘုရားကြီးမှာလည်း အလှူခံဌာန ဖွင့်လှစ်ကာ ကောက်ခံသွားမယ်လို့ ဧရာဝတီတိုင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦတင်စောထံက သိရပါတယ်။ အလှူငွေကောက်ခံမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ပုသိမ်မြို့၊ ပစ္ဆိမာရုံဘုန်းကြီးကျောင်းမှာ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းစုံနဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေရဲ့ ကျောင်းထိုင်ဆရာတော် အပါး ၆၀ လောက် ဒီနေ့ ဆွေးနွေးတိုင်ပင်ခဲ့ပြီး အမြန်ဆုံးကောက်ခံပြီး စက်တင်ဘာလလယ်လောက်မှာ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့တွေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လှူဒါန်းဖို့ အကြိုဆုံးဖြတ်ခဲ့ကြပါတယ်။ လတ်တလောမှာတော့ ဧရာဝတီတိုင်းအတွင်းရှိ မြို့တွေမှာ အလှူခံဌာနတွေဖွင့်လှစ်ကာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အလှူခံနေပြီး အားလုံးတစုတစည်းတည်း သွားရောက်လှူဒါန်းသွားမယ်လို့ ပုသိမ်မြို့ ရွှေစည်းခုံဘုရားကြီးအလှူခံဌာန တာဝန်ရှိသူ ဦးတင်ထွန်းက ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာတော့ ရခိုင်တိုင်းရင်းသား ၃ သိန်းလောက်နေထိုင်နေပြီး ပုသိမ်မြို့နယ်ရှိ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံ စတဲ့မြို့တွေရဲ့ အနီးရှိကျေးရွာတွေနဲ့ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အများဆုံးနေထိုင်ကြတယ်လို့ တိုင်းအစိုးရ စာရင်းတွေအရ သိရပါတယ်။ မြမင်းဦး(ပုသိမ်)
4 years Ago

May 25, 2017

မကြာခဏ မီးထတောက်နေသည့် နေအိမ်ကို ဘုန်ကြီးကျောင်း လှူဒါန်းမည်

ဟင်္သာတမြို့က မကြာခဏ မီးထထတောက်နေတဲ့ နေအိမ်ကို ပိုင်ရှင်ဖြစ်သူက ဘုန်းကြီးကျောင်း လှူဒါန်းသွားမယ်လို့ ပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပန်းပဲတန်း ရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင်နေအိမ်တလုံးမှာ မေ ၁၃ ရက်နေ့ကစပြီး အလိုအလျောက် မီးထထလောင်နေ တာကြောင့်  ဘုန်းကြီးကျောင်းမှာ လိုရာအသုံးပြုနိုင်ဖို့ နေအိမ်ဖျက်ပြီး လှူဒါန်းသွားမယ်လို့ အိမ်ရှင် ကိုရဲထွန်းဦးက ပြောပါတယ်။ "အကုန်လှူပစ်မယ်။ သွပ်တွေဆိုရင်လည်း ဘုန်းကြီးကျောင်းက ဂိုထောင်တွေ ဘာတွေမှာ အကာအရံသုံးလို့ရမယ်၊ သစ်တွေကတော့ ကောင်းရင်ကောင်းသလို အဆင်ပြေသလိုသုံးပေါ့။ ဘာမှမသုံးချင်လည်း နောက်ဆုံး ဆွမ်းချက်ရင် ထင်းလိုနေတာပဲလေ၊ မီးစိုက်လို့ရတယ်။" စတင်ဖြစ်ပွားတဲ့ မေ ၁၃ ရက်မှ ၂၃ ရက်နေ့အတွင်း မီးထလောက်နေတာ ၁၀ ကြိမ်လောက် ရှိနေပြီဖြစ်ရာ မိသားစုအပြင် အိမ်နီးချင်းတွေပါ စိုးရိမ်နေကြတာကြောင့် အခုလို လှူဒါန်းတာလို့ ဆိုပါတယ်။ အများစိတ်ရှင်းစေရန်လှူဒါန်းလိုခြင်းဖြစ်သည်ဟုဆိုသည်။ အလိုအလျောက် မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုရဲထွန်းဦးရဲ့ဇနီး မဇာခြည်ဝင်းက  "ပထမဆုံးစဖြစ်တဲ့ရက်က အိမ်ချင်းကပ်လျက် အစ်မအိမ်မှာ ထောင်ထားတဲ့ တံမြက်စည်းအဖျားကနေ မီးစွဲလောင်တာ၊ နောက်တစ်ရက် ပလတ်စတစ်မိုးကာအစလေး လောင်တယ်၊ နောက်ရက်ကျတော့ အိမ်နောက်ဖေးခန်းမှာ လောင်တယ်၊ အိမ်အတွင်းခန်း ပျဉ်ခင်းတွေ၊ အိမ်အပေါ်ထပ်၊ ရေချိုးခန်း နေရာအနှံ့ပဲ၊ အိမ်ရှေ့ခန်းဘက်တော့ ခုထိဘာမှမဖြစ်ဘူး။ အထူးဆန်းဆုံးတစ်ခုက နောက်ဖေးမှာ လှန်းထားတဲ့ ရေစိုထဘီကနေ မီးထလောင်တာပဲ" လို့ ပြောပါတယ်။ အခုလို အလိုအလျောက် မီးလောင်နေရတဲ့ အကြောင်းရင်းကိုသိနိုင်ဖို့ ဟင်္သာတတက္ကသိုလ် ဓာတုဗေဒဌာနနဲ့ ဘူမိဗေဒဌာနတာဝန်ရှိသူတွေက မီးလောင်ခံထားရတဲ့ သစ်သားနဲ့ အ၀တ်စတွေအပြင် မြေ၊ ရေနမူနာတွေ ရယူပြီး အမျိုးသားဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးသွားမယ်လို့ သိရပါတယ်။ နေအိမ်အား လှူဒါန်းဖို့ မေလ၂၃ ရက်နေ့က စတင်ဖျက်ဆီးနေပြီဖြစ်ပေမယ့် မီးလောင်ရတဲ့ အကြောင်းရင်းအတွက် တိကျတဲ့ အဖြေမထွက်သေးလို့ တာဝန်ရှိသူတွေက ဖျက်ဆီးမှုကို ခေတ္တဆိုင်းငံ့ခိုင်းထားကြောင်း သိရပါတယ်။ Ko Kyaw Soe Lynn
4 years Ago
Up