နာမည်ကျော် ဘောလုံးစတား ၀ိန်းရွန်နီဟာ ခရစ္စမတ်ကာလမတိုင်ခင်မှာ ချို့တဲ့ ကလေးငယ်တွေအတွက် ရည်စူးကာ ပေါင်ငွေ ၇ သိန်းခွဲလှူဒါန်းခဲ့တယ်လို့ သည်ဆန်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
သူဟာ ပေါင် ၂ သိန်းခွဲတန် ချက်လက်မှတ် ၃ စောင်ကို မတူညီတဲ့ အလှူခံဌာန ၃ ခုဆီ ပို့ဆောင်ခဲ့တာ ဖြစ်ပြီး ကလေးတွေနဲ့ မိသားစုဝင်တွေကိုပါ လီဗာပူးလ်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ သူ့ရဲ့ ပရဟိတအဖွဲ့အစည်းဖြစ်တဲ့ ၀ိန်းရွန်နီဖောင်ဒေးရှင်းအနေနဲ့ လှူဒါန်းတာ ဖြစ်နိုင်တယ်လို့ သတင်းက ဆိုပါတယ်။
လက်ရှိမှာတော့ အဲဗာတန်အသင်းမှာ ကစားနေတဲ့ ဝိန်းရွန်နီဟာ အခုနှစ် အစောပိုင်းတုန်းကလည်း မန်ချက်စတာ ဗုံးပေါက်ကွဲမှုမှာ သေဆုံးဒဏ်ရာ ရသူတွေအတွက် ပေါင်ငွေ ၁ သိန်း လှူဒါန်းခဲ့ပါသေးတယ်။
ရွန်နီဟာ ဇနီးဖြစ်သူကောလင်းရဲ့ ညီမဖြစ်သူ ရိုစီ အသက် ၁၄ နှစ်အရွယ်မှာ ဦး နှောက်ဖွံ့ဖြိုးမှုပုံမှန်မဟုတ်တဲ့ ရှားပါးရောဂါတမျိုးနဲ့ သေဆုံးခဲ့ပြီးနောက်မှာ ဆေးရုံဆေးခန်းတွေနဲ့ လိုအပ်တဲ့ ပရဟိတလူမှုကူညီရေးလုပ်ငန်းတွေမှာ ကူညီထောက်ပံ့မှုတွေ လုပ် ဆောင်လာခဲ့တာပါ။
ရိုစီဟာ ၂၀၁၃ ခုနှစ်မှာ သေဆုံးသွားခဲ့တာမို့ လာမယ့် ဖေဖော်ဝါရီလဆိုရင် အသက် ၁၉ နှစ်အရွယ် ရှိနေမှာဖြစ်ကာ သူ့အတွက်ဝမ်းနည်းကြောင်း ရွန်နီက အင်တာ နက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း မျှဝေခဲ့သေးတယ်လို့ ဆိုပါတယ်။
ရွန်နီနဲ့ ကောလင်းတို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲတုန်းကလည်း တက်ရောက်ခဲ့တဲ့ ဧည့်သည်တွေကို သူတို့ ၂ ဦးအတွက် မင်္ဂလာလက်ဆောင် ဝယ်ပေးမယ့်အစား ဆေးရုံတွေကိုပဲ အလှူငွေ ထည့်ဝင်ဖို့ ပြောခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago