လှုံ့ဆော်မည်

May 18, 2018

ကလေးများ လောင်းကစားမလုပ်ရေး ထိုင်းလောင်းကစားဆန့်ကျင်ရေးသမားများ လှုံ့ဆော်မည်

လာမယ့်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲအတွင်း ဘောလုံးပွဲလောင်းတာကို ကလေးတွေ စွဲဆောင်မခံရအောင် ကာကွယ်ဖို့ ထိုင်းလောင်းကစားဆန့်ကျင်ရေးသမား အုပ်စုတွေ ပူးပေါင်းလိုက်ကြပါတယ်။ ထိုင်းနိုင်ငံမှာ အသက် ၆ နှစ်အရွယ် ကလေးတယောက်က ဘောလုံးပွဲတွေ စလောင်းတဲ့အမှုကို သိရှိလာပြီးနောက် အခုလို ပူးပေါင်းခဲ့ကြတာပါ။ ဒီနှစ်အစောပိုင်းက အလယ်တန်းကျောင်းသားတွေရဲ့ စစ်တမ်းထဲမှာ ရည်ညွှန်းထားတဲ့ လောင်းကစားလုပ်သူ ကလေးရဲ့အသက်ဟာ ချုလာလောင်ကွန်းတက္ကသိုလ်ရဲ့ လောင်းကစားလေ့လာရေးဌာနက ၂၅ ခရိုင်မှာ စစ်တမ်းလုပ်ခဲ့တာကနေ တွေ့ရှိခဲ့တဲ့ အသက် ၇ နှစ်မှာ စတင် လောင်းကစားလုပ်ခဲ့တယ်ဆိုတဲ့ ကလေးရဲ့အသက်နဲ့ တူညီနေတယ်လို့ ဆိုပါတယ်။ စစ်တမ်းကနေ ပြီးခဲ့တဲ့နှစ်က ထိုင်းလူမျိုး ၂၉ သန်းနီးပါး ဒါမှမဟုတ် ၅၅ ရာခိုင်နှုန်းဟာ လောင်းကစား လုပ်ခဲ့ကြတာကို တွေ့ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပွဲက ရုရှားနိုင်ငံမှာ စကန်ချိန် ဘောလုံးပွဲတွေကို အွန်လိုင်းပေါ်ကနေ လောင်းကစားသမားတွေ အကြီးအကျယ်လောင်းကြမှာကို လောင်းကစားလေ့လာရေးဌာနက စိုးရိမ်နေပါတယ်။ အပျော်သဘောအနေနဲ့ ကလေးတွေကို လောင်းကစား လုပ်လာအောင် စွဲဆောင်မှာကို သတိပြုရမယ်လို့ ဆိုပြီး ကလေးတွေကို လောင်းကစားလုပ်တာကနေ ကာကွယ်အောင် လှုံ့ဆော်မှု တခုလုပ်ဖို့ ထိုင်းကျန်းမာရေး မြှင့်တင်ရေးဖောင်ဒေးရှင်းက အစိုးရအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုလက်မှတ်ကို မေလ ၁၇ ရက်နေ့က ရေးထိုးလိုက်ကြပါတယ်။ လူတွေ လောင်းကစားလုပ်ရမှာ ပထမဆုံး လောင်းကြေးငွေနည်းနည်းက စတင်ပေမယ့် ပုံမှန်အားဖြင့်တော့ နောက်ပိုင်း သူတို့ရဲ့လောင်းကြေးတွေကို မြှင့်ပြီး မကြာခဏ လောင်းတော့တာပဲလို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒီလိုလောင်းကစားအကျင့်ဆိုတာ အရက်နဲ့ စီးကရက်စွဲသူတွေလို မခြားလို့ ဒီအကျင့်ကို ဖြတ်ပစ်ဖို့ ခက်ခဲတယ်လို့ ပြောလိုက်ပြီး ကလေးတွေ ဘောလုံးပွဲလောင်းတာမှာ ပါဝင်လာမှာက သူတို့တဘဝလုံးအတွက် အကျင့်ဖြစ်သွားနိုင်လို့ ဒါက စိုးရိမ်စရာအကောင်းဆုံးပဲလို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လေ့လာဆန်းစစ်မှုတခုအရ အကယ်၍ ကလေးတွေက လောင်းကစားလုပ်ရာမှာ ဘောလုံးပွဲတွေက စခဲ့ရင် ၈၇ ရာခိုင်နှုန်းကျော် ယောက်ျားကလေးတွေက ဒီအကျင့်ကို မစွန့်နိုင်တာတွေ့ရတယ်လို့ ဖောင်ဒေးရှင်းက ပြောပါတယ်။ ထိုင်းနိုင်ငံမှာတော့ ဘောလုံးပွဲတွေက လူသိများတဲ့ လောင်းကစားနည်းတွေထဲမှာ နံပါတ် ၄ လိုက်ပြီး ပထမဆုံး လူတွေ အသိများတာတခုကတော့ တရားဝင် ထီထိုးတာဖြစ်ကာ အဲ့ဒီနောက် တရားမဝင် ဂဏန်း ၂ လုံး ၃ လုံးထီထိုးတာနဲ့ ကတ်ကစားတာတွေ ဖြစ်တယ်လို့ လောင်းကစားလေ့လာရေး ဌာနရဲ့ဒါရိုက်တာ မစ္စနူရန်နွိုင်တရီရက်က ပြောပါတယ်။ လောင်းကစားနဲ့ပတ်သက်ပြီး သူမရဲ့ နောက်ဆုံးလုပ်ထားတဲ့ စစ်တမ်းမှာ လူဦးရေ သန်း ၄၀ ဒါမှမဟုတ် ၇၅ ရာခိုင်နှုန်းသော ထိုင်းလူမျိုးတွေက လောင်းကစား အတွေ့အကြုံရှိကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကပဲ လောင်းကစား စလုပ်သူ အရေအတွက်က ၆ သိန်းကျော်အထိ ရှိလာပြီး သူမရဲ့ စစ်တမ်းအဖွဲ့က လောင်းကစားလုပ်သူ ဦးရေကို ၂၀၁၅ ခုနှစ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကို နှိုင်းယှဉ်ရင် အရေအတွက် ၁ ဒဿမ ၅ သန်းအထိ တိုးလာတာ တွေ့ရတယ်လို့ မစ္စနူရန်နွိုင်က ပြောပါတယ်။ လောင်းကစားလုပ်သူတွေကြားထဲမှာ အရက်သောက်တာနဲ့ ဆေးလိပ်သောက်တာကလည်း အားလုံးလိုလို လုပ်နေကြလို့ ကျန်းမာရေးဆိုးကျိုးတွေကလည်း နောက်ထပ် စိတ်မချမ်းမြေ့စရာ ရလဒ်ဖြစ်နေတယ်လို့ မစ္စနူရန်နွိုင်က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up