လှိုင်းရိုက်အားကိုအသုံးပြုပြီး စွမ်းအင် ထုတ်နိုင်တော့မည်

June 19, 2017

လှိုင်းရိုက်အားကိုအသုံးပြုပြီး စွမ်းအင် ထုတ်နိုင်တော့မည် (ရုပ်သံ)

ပြည့်မြဲစွမ်းအင်ကုမ္ပဏီတွေက ရေလှိုင်းကနေ စွမ်းအင်ထုတ်ချင်ပေမယ့် စီပွားဖြစ်ထုတ်ဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို သြစတြေးလျကုမ္ပဏီ Wave Swell Energy က ပြောင်းလဲပေးလိုက်ပါပြီ။ သူတို့တီထွင်လိုက်တဲ့ ဒီကိရိယာက လှိုင်းရိုက်ကမ်းခြေက"မှုတ်တွင်း" လိုမျိုး လှိုင်းရိုက်အားကို အသုံးချမှာပါ။ "ရေအောက်မှာဖွင့်ထားတဲ့ လိုဏ်ခေါင်းထဲကို လှိုင်းရိုက်လိုက်ချိန်မှာ လိုဏ်ခေါင်းတွင်း ရေမျက်နှာပြင်က အတက်အကျဖြစ်ပြီး အထဲကလေကို ဖိလိုက်တယ်။ ရေပြန်ကျချိန် လိုဏ်ခေါင်းတွင်းမှာ လေဟာနယ်တစိတ်တပိုင်း ဖြစ်လာတယ်။ ဒီနည်းနဲ့ လေအားသုံးတာဘိုင်ကို လည်ပတ်စေတာပါ။" ဒီလို ရေလှိုင်းတွေရဲ့ အထက်အောက် လှုပ်ရှားမှုကို အရင်ကလည်း အသုံးချခဲ့ပေမယ့် Wave Swell ရဲ့ အခုတီထွင်မှုမှာတော့ ခြားနားချက်တခု ရှိပါတယ်။ "ကျေန်ာတို့က တဘက်သက်စီးဆင်းမှုကိုပဲ အသုံးချမှာပါ။ တဘက်သက်စီးလာတဲ့လေကို တာဘိုင်ကို ဖြတ်သွားတာမျိုးပါ။ တခြားတီထွင်မှုတွေမှာတော့ လေက နှစ်ဘက်စီးဆင်းတာမျိုးပါ။" အလွတ်စမ်းသပ်မှုတခုအရ ဒီမော်ဒယ်က သမားရိုးကျတာဘိုင်ထက် ၂ ဆ အားကောင်းတာ တွေ့ရပါတယ်။ အလုံးစုံတည်ဆောက်ပြီးချိန်မှာ အရွယ်အစားက ရေပြင်ပေါ်ထိုင်မယ့် လေတာဘိုင်နဲ့ဆို မီတာ ၂၀ ပတ်လည် ရှိမှာပါ။ ဒီတာဘိုင်ကို နောက်နှစ်မေလမှာ ဘက်စ်စထရိတ်က ကင်းအိုင်လန်ကမ်းခြေမှာ စမ်းသပ်မောင်းနှင်သွားမှာပါ။ "အဲဒီိမှာက သင့်တော်တဲ့လှိုင်းအမြင့်ရှိတဲ့အပြင် ဒေသခံတွေရဲ့ ထောက်ခံမှုလည်းရှိတော့ ဒီနည်းပညာကို ဈေးကွက်ဝင် သရုပ်ပြဖို့ သင့်တော်တဲ့နေရာဖြစ်တယ်လို့ ယူဆပါတယ်။" ၅ နှစ်အတွင်း ဈေးအချိုဆုံး ကမ္ဘာ့စွမ်းအင်ပင်ရင်းတွေနဲ့ ယှဉ်ပြိုင်ဖို့နဲ့ တချိန်မှာ သမုဒ္ဒရာကြီးရဲ့ စွမ်းအင်ကို ဖော်ထုတ်ဖို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။
6 years Ago
Up