လှိုင်သာယာ

July 20, 2019

လူဦးရေ စာရင်းကောက်ယူရာတွင် လှိုင်သာယာပြည်သူများ ပူးပေါင်းပါဝင်ရန် ကော်မရှင်ပြော

လှိုင်သာယာမြို့နယ်အတွင်း လူဦးရေစာရင်းကောက်ယူရာမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ လူဦးရေစာရင်းကို ဇူလိုင် ၂၂ ရက်နေ့ကစပြီး ရွေးကောက်ပွဲကော်မရှင်က စာရင်းကောက်တော့မှာပါ။ လူဦးရေ စာရင်းကောက်ပြီးရင် အဲဒီအထဲက အသက် ၁၈ နှစ်ပြည့်ပြည့်ပြီး မဲပေးနိုင်သူစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ပြုစုသွားမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ သန်းခေါင်စာရင်းမှာ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူ ၆ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အခုလက်ရှိမှာတော့ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူ ၁ သန်းနီးပါးရှိနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဆိုပါတယ်။ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူ လူဦးရေ အဆမတန်များပြားနေတာ၊ တရားမဝင် ကျူးကျော်ရပ်ကွက်တွေ ရှိနေတာ၊ ရွှေ့ပြောင်းနေထိုင်သူ၊ ရွှေ့ပြောင်းလုပ်သားတွေ များပြားနေတာတွေကြောင့် ပြည်သူတွေ မပူးပေါင်းရင် စားရင်းမှန်ရဖို့ခက်တယ်လို့ လှိုင်သာယာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သောင်းက ပြောပါတယ်။ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်ပြီး သန်းခေါင်စာရင်းမရှိသူတွေကို ယာယီသန်းခေါင်စာရင်းတွေ ထုတ်ပေးဖို့ အစီအစဉ်ရှိတယ်လို့ ဦးစီးအရာရှိ ဦးရဲကျော်က ပြောပါတယ်။ မြို့နယ်အတွင်း နေထိုင်သူတွေအနေနဲ့ ဇူလိုင် ၂၂ ရက်နေ့ နောက်ပိုင်းကစပြီး မိမိဆီကို လူဦးရေစာရင်းကောက်ယူသူတွေ မလာဘူးဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေကို ဆက်သွယ်ပြီး စာရင်းဖြည့်သွင်းဖို့ ကြိုးစားသင့်တယ်လို့ ဦးကျော်သောင်းက ဆိုပါတယ်။ လှိုင်သာယာမြို့နယ်ဟာ မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်ထဲက လူဦးရေ အထူထပ်ဆုံးမြို့နယ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က လူဦးရေစာရင်း ကောက်ယူတာကို ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလအတွင်း အပြီးဆောင် ရွက်ဖို့ ပြင်ဆင်ထားတာပါ။ ဒါပေမယ့် လှိုင်သာယာမြို့နယ်မှာ လက်ရှိအချိန်ကနေ သြဂုတ်လကုန်အတွင်း အချိန် တလခွဲလောက်မှာ စာရင်းမှန်ကောက်ယူဖို့ ခက်ခဲနေပါတယ်။
2 years Ago

March 10, 2019

လှိုင်သာယာတွင် မီးလောင်၊ အိမ်ခြေ ၅၀ ကျော် ပျက်စီးဆုံးရှုံး

လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင်ရွာမှာ မီးလောင်ကျွမ်းခဲ့လို့ အိမ်ခြေ ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ ပန်းလှိုင်ဂေါက်ကွင်းအနီး ပန်းလှိုင်လမ်းမကြီး နဲ့ ညောင်ရွာ ပိတောက်ဈေးလမ်းမ ဓာတ်ဆီဆိုင်မှာ မတ်လ ၉ ရက်နေ့ ညနေ ၃ နာရီ ပတ်ဝန်းကျင်းလောက်က  မီးစတင်လောင်ကျွမ်းခဲ့တာပါ။ ဓာတ်ဆီဆိုင် ဝရိန်ဆော်ရာကနေ မီးစလောင်ကျွမ်းပြီး ဈေးဆိုင် နဲ့ အိမ်တွေ မီလောင်းခဲ့တယ်လို့ လှိုင်သာယာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးထွန်းဝေက ပြောပါတယ်။ မီးကြောင့် အိမ် နဲ့ ဈေးဆိုင်ခန်း ၅၀ ကျော် မီးထဲပါသွားတယ်လို့ အိမ်မီးထဲပါသွားသူတဦးက ပြောပါတယ်။ မီးလောင်တာဟာ Level 3 အဆင့်ရှိပြီး ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။ အိမ်မီးလောင်ပျက်စီးသွားတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေအတွက် ရပ်ကွက်အနီးက အောင်မင်္ဂလာဘုန်းကြီးကျောင်းမှာ မီးဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားပါတယ်။
3 years Ago
More News
Up