လှုပ်ရှားရန် ဆော်သြ

December 10, 2016

အမေရိကန် လူငယ်များကြား အီးစီးကရက် သုံးစွဲမှု လျှော့ချရေး လှုပ်ရှားရန် ဆော်သြ

အမေရိကန်နိုင်ငံ ပြည်သူ့ကျန်းမာရေး ဆေးမှူးချုပ် ဗီဗက်ခ်မာသီက လူငယ်တွေကြား အီးစီးကရက်လို့ ခေါ်နေကြတဲ့ အီလက်ထရောနစ် စီးကရက် သုံးစွဲမှု လျှော့ချရေး လှုပ်ရှားကြဖို့ ဒီဇင်ဘာ ၈ ရက်နေ့က ဆော်သြ လိုက်ပါတယ်။ အီးစီးကရက်တွေဟာ အချိန် ၆ နှစ်အတွင်း လူငယ်အုပ်စုကြား လူသုံးအများဆုံး ဆေးလိပ် အစားထိုး ထုတ်ကုန် ဖြစ်လာတယ်လို့လည်း မှတ်ချက်ပြု ပြောပါတယ်။ အီးစီးကရက်ကို စသုံးကတည်းက လူငယ်တွေကြား နီကိုဒင်း သက်ရောက်မှု အဖျက်သဘော နောက်ဆက်တွဲတွေဟာ လူကြီးတွေထက် ပိုဆိုးလာတယ်လို့လည်း သူက ပြောပါတယ်။ သုတေသန အသစ်အရ အီးစီးကရက်ကို သုံးတဲ့ ကလေးတွေဟာ သမားရိုးကျ စီးကရက်တွေကို သုံးဖို့ပိုများတယ်။ လူအများကြီး ယုံနေတာနဲ့ မတူဘဲ အီးစီးကရက်က ထုတ်တဲ့ အဲရိုစောဟာ ဆေးလိပ်သောက် သူရော ဘေးနားက အငွေ့ရှူသူကိုပါ အန္တရာယ်မရှိတဲ့ ရေငွေ့သာ ဖြစ်တယ်ဆိုတာလည်း မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။ အီးစီးကရက် ဈေးကွက်မြှင့်တင်ရာမှာ ပြည်ထောင်စုအဆင့် စည်းမျဉ်းတွေ ချဖို့ အားပေးတာ၊ မသုံးစွဲဖြစ်အောင် အခွန် မူဝါဒတွေ ချမှတ်တာနဲ့ ဈေးနှုန်း အကောင်အထည်ဖော်တာ၊ လူငယ်တွေ အီးစီးကရက်ကို လက်လှမ်းမမီအောင် ဟန့်တား တာတွေ အပါအဝင် မီးခိုးကင်းစင်တဲ့ မူဝါဒတွေကို ချဖို့ ထောက်ခံထားတဲ့ အစီရင်ခံစာလည်း ထုတ်ပြန်ခဲ့ ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၅ ကြား အမေရိကန် အလယ်တန်း ကျောင်းသား တွေကြားမှာ အီးစီးကရက် သုံးမှုဟာ ၀ ဒသမ ၆ ရာခိုင်နှုန်းကနေ ၅ ဒသမ ၃ နှုန်းထိ တိုးလာတယ်လို့ ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာနက ဆိုပါတယ်။ ဒီ ၆ နှစ်ကြားမှာ အမေရိကန် အလယ်တန်းကျောင်းသား တွေကြား သမားရိုးကျ စီးကရက် သောက်သုံးသူ ၄ ဒသမ ၃ ကနေ ၂ ဒသမ ၃ ထိ ကျဆင်းခဲ့ ပါတယ်။ ဒါပေမယ့် အီးစီးကရက်သောက်လို့ သမားရိုးကျ စီးကရက် သောက်မှု ကျဆင်းတာလား ဆိုတဲ့ အချက်ကို သက်သေပြတဲ့ သတင်းအချက်အလက်တော့ မရှိသေးပါဘူး။ ပြည်သူ့ကျန်းမာရေး ပညာရှင်တွေကတော့ အီးစီးကရက်ကနေ တဆင့် နီကိုဒင်း ဓာတ်ကို လူငယ်တွေ စွဲလမ်းမှာနဲ့ သမားရိုးကျ စီးကရက် သောက်သုံးမှု တိုးလာတဲ့အဆင့်ကို ရောက်လာမှာကို စိုးရိမ် နေကြပါတယ်။
5 years Ago
Up