လှေနစ်မြုပ်

November 12, 2020

မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းနေထိုင်သူများလှေနစ်မြုပ်၊ ၅ ဦးထက်မနည်း သေဆုံး

လစ်ဗျားနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်က မြေထဲပင်လယ်ထဲမှာ ရွှေ့ပြောင်း နေထိုင်သူအယောက် ၁၀၀ လောက်ကို တင်လာတဲ့ ရာဘာလေမှုတ်လှေတစီး နိုဝင်ဘာ ၁၁ ရက်က နစ်မြုပ်လို့ ငါးယောက်ထက်မနည်း သေဆုံးတယ်လို့ စပိန်ပရဟိတအဖွဲ့ Open Armsက ပြောပါတယ်။  ရွှေ့ပြောင်းတွေဟာ အသက်ကယ်ဝတ်စုံတွေ ဝတ်ထားပြီး ပင်လယ်ထဲ မျောပါနေချိန်မှာ Open Arms က လူတွေကို ကယ်ဖို့ ရာဘာလေမှုတ်လှေတွေနဲ့ လိုက်ကယ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  လှေပေါ်မှာ ကလေးငယ်တွေလည်းပါပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆက်လုပ်နေဆဲမို့ သေဆုံးသူ ဦးရေ တိုးလာနိုင်တယ်လို့ Open Arms က ပြောထားပါတယ်။
6 months Ago

July 19, 2020

တူရကီနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူများ လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ ၅၀ ရှိလာ

တူရကီနိုင်ငံ အရှေ့ပိုင်း ဗန်ရေကန်ထဲမှာ ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ လှေတစီး နစ်မြှုပ်မှုမှာ  သီတင်းပတ် ၃ ပတ်ကြာ ရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ပြီးနောက် သေဆုံးသူ ဦးရေ ၅၀ ရှိပြီလို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးရုံးက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။ စနေနေ့က အလောင်း ငါးလောင်း ထပ်မံဆယ်ယူရရှိခဲ့လို့ အယောက် ငါးဆယ် ပြည့်တာလို့ အုပ်ချုပ်ရေး မှူးရုံးက ပြောပါတယ်။ ဇွန်လ ၂၇ ရက်က နစ်မြုပ်ခဲ့တဲ့ လှေဟာ လူ အယောက် ၆၀ လောက်ကို တင်လာခဲ့တယ်လို့ ယုံကြည်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး လူငါးယောက်ကို တရားဝင် ဖမ်းထားပါတယ်။  အီရန်နိုင်ငံနဲ့ နယ်စပ်နားမှာရှိတဲ့ ဒီရေကန်ဟာ အီရန် အာဖဂန်နစ္စတန်နဲ့ တခြားနိုင်ငံတွေက ရွှေ့ပြောင်းနေထိုင်သူတွေ တူရကီကနေ ဥရောပကို ပုံမှန်သွားနေကျ လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။  ဒီဇင်ဘာလကလည်း ဒီကန်ထဲမှာ ပါကစ္စတန် ဘင်္ဂလားဒေ့ရှ် နဲ့ အာဖဂန်နစ္စတန်က ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ လှေတစီးနစ်လို့ လူ ၇ ယောက် သေပြီး ၆၄ ယောက်ကို ကယ်တင်ခဲ့ရပါတယ်။
10 months Ago
Up