လှေစီးရွှေ့ပြောင်းနေထိုင်သူ

November 3, 2020

လှေစီးရွှေ့ပြောင်းနေထိုင်သူ ၁၉၆ ဦးကို စပိန်အစိုးရ ကယ်ဆယ်

စပိန်နိုင်ငံ ကာနာရီကျွန်းတွေဆီကို ရောက်ဖို့ ကြိုးစားနေတဲ့ ကနူးလှေ ၂ စီးပေါ်က ရွှေ့ပြောင်းနေထိုင်သူ ၁၉၆ ယောက်ကို စပိန်အစိုးရက နိုဝင်ဘာ ၂ ရက်မှာ ကယ်ဆယ်လိုက်ပါတယ်။ ယောက်ျား ၁၂၈ ယောက်နဲ့ မိန်းမ ၁ ယောက်ကို တင်လာတဲ့ ကနူးလှေကို စပိန် ပင်လယ်ပြင်ကယ်ဆယ်ရေးသင်္ဘောက အာဂွေနေဂွင်ဆိပ်ကမ်းဆီကို ဆွဲခေါ်လာခဲ့ပါတယ်။ အဲဒီနောက် သင်္ဘောသားတွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ပါးစပ် နှာခေါင်းစည်းတွေ ဝေပေးပြီး ကိုယ်ပူချိန်တိုင်းပါတယ်။ လူ ၆၇ ယောက်နဲ့ အလောင်း ၁ လောင်းကို တင်လာတဲ့ ဒုတိယ ကနူးလှေဟာ ကမ်းခြေနဲ့ မိုင် ၁၅၀ အကွာ ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုပ်နေတုန်း ကုန်သင်္ဘောတစီးက ကယ်ဆယ်ခဲ့တာပါ။ အောက်တိုဘာ ၂၀ တုန်းကလည်း ဒါဇင်နဲ့ချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဂရန်းကာနာရီယာကျွန်းရဲ့ လူကြိုက်များတဲ့ ကမ်းခြေဆီ လေမှုတ် ရော်ဘာလှေနဲ့ ရောက်လာခဲ့ပါသေးတယ်။ ဇန်နဝါရီနဲ့ အောက်တိုဘာကြား ပင်လယ်ရေကြောင်းကနေ စပိန်နိုင်ငံထဲကို ရောက်လာတဲ့ ရွှေ့ပြောင်းအရေအတွက် ၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမဲ့ ကာနာရီကျွန်းစုတွေဆီ ရောက်လာတဲ့ ဦးရေကတော့ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းစာရင် ၆၈၈ ဒသမ ၁ ရာခိုင်နှုန်း ပိုတိုးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းအချက်အလက်တွေက ပြထားပါတယ်။ ကာနာရီကျွန်းတွေဆီ ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အများအပြားဟာ ဆိပ်ကမ်းမှာ အိပ်နေရပါတယ်။ ကမ်းရိုးတန်းစောင့်သင်္ဘောတွေကနေ ကယ်လာလို့ အသစ်ရောက်လာသူတွေ ထပ်တိုးနေတဲ့အတွက် ခိုလှုံစရာ စီစဉ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကို ကျွန်းအာဏာပိုင်တွေ ရုန်းကန် ဆောင်ရွက်နေရပါတယ်။
1 year Ago
Up