ပြင်သစ်မြို့တော် ပါရီရဲ့အပြင်ဘက်မှာ ကျောင်းဆရာ တယောက် ခေါင်းဖြတ်အသတ်ခံရတာကို ချီးကျူးပြီး နောက်ထပ် ပိုတိုက်ခိုက်ဖို့ လှုံ့ဆော်ပေးနေတဲ့ မော်ရိုကို နိုင်ငံသား အမျိုးသားတယောက်ကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ဖမ်းလိုက်တယ်လို့ စပိန်ရဲတွေက အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။
လှုံ့ဆော်သူရဲ့ နာမည်ကိုတော့ မပြောပါဘူး။ သူဟာ အောက်တိုဘာ ၁၆ ရက်က လူသတ်မှုကို အားပေးထောက်ခံကြောင်း လူမှုကွန်ယက် မီဒီယာပေါ်မှာ စာတိုရေးတင်ခဲ့သူလို့ ကာတာလန် ဒေသန္တရ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့ကို အကြမ်းဖက် ရာဇဝတ်မှု ကျူးလွန်ဖို့ အားပေးလှုံ့ဆော်မှု၊ အကြမ်းဖက်ဝါဒကို ဂုဏ်တင်ချီးမွမ်းမှု စွဲချက်တွေနဲ့ ဖမ်းထားတယ်လို့ ကာတာလန် ရဲတွေက တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ကြေညာပါတယ်။
အဖမ်းခံရသူကို နိုင်ငံကူးလက်မှတ် စွန့်လွှတ်ခိုင်းပြီး အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် ၁၄ ရက်နေ့တိုင်း ရာဇဝတ်မှုဆိုင်ရာ တရားရုံးကို လာရောက်သတင်းပို့ဖို့ ဘာစီလိုနာ တရားရုံးက အောက်တိုဘာ ၃၁ ရက်နေ့မှာ အမိန့်ချမှတ်ထားပါတယ်။
ပြင်သစ်ကျောင်းဆရာဟာ အတန်းတွင်းက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် သင်ခန်းစာ အတွင်း တမန်တော် မိုဟာမဒ် ရဲ့ ကာတွန်းပုံကို ပြခဲ့လို့ အသက် ၁၈ နှစ်အရွယ် ချေချင်း တိုင်းရင်းသားတယောက်ရဲ့ လည်လှီးသတ်တာကို ခံခဲ့ရပါတယ်။
2 years Ago