လှိုင်သာယာမြို့နယ်

July 19, 2022

လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး ပစ်ခတ်ခံရ

လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၆ ရပ်ကွက်မှာ မနေ့ညပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ည ၉ နာရီခွဲက အမှတ် ၆ ရပ်ကွက် ကျန်စစ်သားလမ်း စျေးလေးမှတ်တိုင်အနီးမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ရာအိမ်မှုးကို ဆိုင်ကယ်‌တစီးပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ထင်ကျော်လင်း လက်ဖက်ရည်ဆိုင်နားမှာ ပစ်သွားတာ။ သေ၊ မသေတော့ မသိဘူး။ ထွက်ကြည့်လို့ မရဘူး။ ပစ်ပြီး ခဏကြာတော့ စစ်တပ်နဲ့ရဲတွေ ရောက်နေပြီ” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထွန်းနဲ့ ရာအိမ်မှူး ဖိုးထူးတို့ဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်ခံရပြီး စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ ရဲတွေဟာ အောင်ဇေယျတံတားအဆင်းမှာ ကားတွေ၊ လူတွေကို စစ်ဆေးခဲ့သလို ကျန်စစ်သားလမ်းတောက်လျှောက် သေနတ် ပစ်ခတ်သူကို လိုက်လံရှာဖွေခဲ့တယ်လို့ ၁၅ ရပ်ကွက်မှာ နေထိုင်သူတဦးက  ပြောပါတယ်။

“ရွှေလင်ဗန်းတံတားနားမှာ  ပစ်ခတ်သံတွေ ကြားရတယ်။ အိမ်က အသံပဲကြားရတာ ထွက်မကြည့်ဘူး”

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထွန်းနဲ့ ရာအိမ်မှူး ဦးဖိုးထူး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး သွားတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရသာ သိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ ဘယ်အဖွဲ့ ပစ်ခတ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး။

လှိုင်မြိုနယ် အမှတ် ၂ ရပ်ကွက် ဘုရင့်နောင် ၉ လမ်းမှာလည်း မနေ့မနက်ပိုင်း အမည်မသိအဖွဲ့က ပစ်ခတ်ခဲ့လို့ ဗိုလ်ကြီး အောင်နိုင်ဖြိုးနဲ့ဇနီးဖြစ်သူ သေဆုံးခဲ့ပါသေးတယ်။

4 weeks Ago

November 13, 2021

လှိုင်သာယာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တယောက်  နိုဝင်ဘာ ၁၃ ရက်  မနက် ၁၁ နာရီခွဲလောက်က  စစ်ကောင်စီတပ်စွဲထားတဲ့  မိုးလုံလေလုံအားကစားရုံနဲ့  မနီးမဝေးမှာ  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရ​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရသူမှာ  ကစင်ကျေးရွာအုပ်ချုပ်ရေးမှူး ကိုထက် ဖြစ်ပြီး တပည့်ဖြစ်သူတွေနဲ့အတူ ရှိနေစဉ် ကနောင်မင်းသားကြီးလမ်းက  မော်ဒန်(KTV-2) အနီးမှာ ပစ်ခတ်ခံလိုက်ရတာလို့ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ကိုထက်ကို လှိုင်သာယာမြို့နယ် ဒလန်ရှင်းလင်းရေးအဖွဲ့က သတင်းရလို့ စောင့်ကြို ပစ်ခတ်ခဲ့တာလို့   ဒလန် ရှင်းလင်းရေးအဖွဲ့  တာဝန်ရှိသူက ပြောပါတယ်။ 

အဆိုပါ အုပ်ချုပ်ရေးမှူးဟာ  လက်နက်ကိုင်အစောင့်တပ်တွေထားပြီး ရပ်ကွက်ထဲသွားလာလေ့ရှိကာ ပြည်သူတွေကို ဖိနှိပ်တာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ခဲ့တာလို့လည်း  လှိုင်သာယာမြို့နယ်  ဒလန် ရှင်းလင်းရေးအဖွဲ့ က ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးကို ဆေးရုံသို့ ပို့ဆောင်ထား​တယ်လို့  သိရပြီး သေနတ် ဒဏ်ရာအခြေအနေကိုတော့ မသိရသေးပါဘူး။

9 months Ago

လှိုင်သာယာမြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်မှာ နိုဝင်ဘာ ၁၂ ရက် မနေ့ညနေပိုင်းက အမျိုးသား တယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရ ပါတယ်။

လှိုင်သာယာမြို့နယ်အတွင်း   ဒလန်လို့လူသိများတဲ့ ဦးခင်စိန်ကို မနေ့ညနေ ၅နာရီခွဲလောက်က အမည်မသိအဖွဲ့က  သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"ညနေ ၅ နာရီခွဲလောက်က ဗိုလ်အောင်ကျော်လမ်းမကြီး အုန်းတောတံတားနားမှာ သူကားနဲ့ထွက်လာတုန်း ပစ်သွားတာ  လှိုင်သာယာမှာတော့ စစ်ကောင်စီ သတင်းပေးလို့ နာမည်ထွက်နေတာပဲ။ ထောင်ကထွက်လာတာလဲ မကြာသေးဘူး။ လူမိုက် ခင်စိန်ဆိုပြီး နာမည်နဲ့ နေတာ "လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဦးခင်စိန်ဟာ  သေနတ်နဲ့ အပစ်ခံရပြီး  ချက်ချင်းမသေဆုံးသေးပဲ သေနတ်နဲ့ ပစ်သွားသူကို ကားနဲ့ လိုက်တိုက်ပြီးမှ ကားရပ်သွားမှ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေနတ်နဲ့ပစ်သူကတော့ လွတ်မြောက်သွားတယ်လို့  ဒေသခံကပြောပါတယ်။

ဦးခင်စိန်ဟာ မကြာသေးခင်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့က သေနတ်နဲ့ပစ်သတ်ခံရတဲ့ ကမာရွတ်မြို့နယ်က  ဒေါ်ပြား ဆိုသူ အမျိုးသမီးရဲ့ တပည့်တစ်ဦးလည်းဖြစ်ပါတယ်။

9 months Ago
More News
Up