ဟိန္ဒိူနဲ့မွတ်စလင်တို့အကြား အငြင်းပွားနေတဲ့ ဘာသာရေးနေရာကို နိုဝင်ဘာလ ၉ ရက်နေ့မှာ အိန္ဒိယတရားရုံးချုပ်က ဟိန္ဒူဘာသာရေး အဖွဲ့အစည်းဆီ လွှဲပြောင်းပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
တရားသူကြီးချုပ် ရန်ဂျန်ဂိုဂေါ်ရီ ဦးဆောင်တဲ့ တရားသူကြီး ၅ ဦးပါ ခုံအဖွဲ့က ဘောလုံးကွင်းတခုစာ ကျယ်ဝန်းတဲ့ အဲဒီနေရာကို ဟိန္ဒိူဘာသာရေးအဖွဲ့ဆီ လွှဲပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာပါ။
တရားရုံး ဆုံးဖြတ်ချက် မချခင်ကတည်းက အာဏာပိုင်တွေဟာ အာယိုးဒါမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၅၀၀၀ ကျော်ကို လုံခြုံရေးချထားခဲ့ပါတယ်။
ဘာဘရီ ဗလီဝတ်ကျောင်းဟာ အာယိုးဒါမြို့မှာ ရာစုနှစ်ချီရှိခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေက အဲဒီနေရာဟာ သူတို့ရဲ့ နတ်ဘုရား ရာမ ဖွားမြင်ရာနေရာ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူအစွန်းရောက်တွေက ဗလီဝတ်ကျောင်းကို ဖြိုချခဲ့တာကြောင့် နိုင်ငံတဝန်း ဘာသာရေးအဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ပြီး မွတ်စလင်အများစု အပါအဝင် လူ နှစ်ထောင်ကျော် သေဆုံးခဲ့ပါတယ်။
ဗလီဝတ်ကျောင်းကို ဖြိုပြီးကတည်းက ဘာသာရေးအဖွဲ့အစည်းတွေဟာ အဲဒီနေရာရရေးအတွက် အပြိုင် တရားစွဲခဲ့ပါတယ်။
တရားရုံးချုပ်က အငြင်းပွားနေရာကို တောင်းဆိုနေတဲ့ မွတ်စလင်ဘာသာရေးအဖွဲ့အစည်း အတွက် အစားထိုးမြေနေရာ ပြန်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။
မွတ်စလင် ဘာသာရေးအဖွဲ့အစည်းရှေ့နေကတော့ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်းနဲ့ အဲဒီအတွက် ဆက်လုပ်စရာရှိတာ လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
တဖက်ကလည်း တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ နိုင်ငံတဝှမ်း ဒေါသမဖြစ်ဘဲ ချုပ်တည်းသည်းခံဖို့ ရှေ့နေက တိုက်တွန်းခဲ့ပါတယ်။
တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ ဟိန္ဒူနဲ့ မွတ်စလင် လူ့အဖွဲ့အစည်း နှစ်ခုအကြား တင်းမာမှုကို ပိုမိုဖြစ်ပေါ်စေနိုင်တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
3 years Ago