လွှတ်တော်တွင်း

February 26, 2020

လွှတ်တော်တွင်း အော်ဟစ်ပြောဆိုသည့်ကိစ္စကို အရေးမယူဘဲ စိတ်ရှည်သည်းခံနေဟု နာယကပြော  

လွှတ်တော်တွင်း အော်ဟစ်ပြောဆိုခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို စီမံခန့်ခွဲမှုနည်းလမ်းအရရော၊ ဥပဒေအရရော အရေးယူနိုင်ပေမယ့် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ပေးနေတယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြားလိုက်ပါတယ်။  ဖေဖော်ဝါရီ ၂၅ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသွားတာပါ။ ဗိုလ်မှူးချုပ် အောင်စန်းချစ် အပါအဝင် တပ်မတော်ကိုယ်စားလှယ် ၁၄၄ ဦး လက်မှတ်ထိုးပြီး တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ် လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက စိစစ်ပြီး တင်ပြထားတာမှာ စာသားတချို့ ကျန်ခဲ့တဲ့အတွက် ဗိုလ်မှူးချုပ်အောင်စန်းချစ်နဲ့ လွှတ်တော်နာယကတို့ အပြန်အလှန် ပြောဆိုနေစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တဦးက အော်ဟစ်ပြောဆိုခဲ့တဲ့အတွက် အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “နာယကကြီးအနေနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စည်းကမ်းသေဝပ်မှုရှိစေရန် ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ဒီလို ထိန်းသိမ်းဆောင်ရွက်တဲ့နေရမှာ နာယကကြီးအနေနဲ့ မိမိ ချမှတ်တဲ့အမိန့်တွေကို အတည်ပြုစေဖို့ အခွင့်အာဏာသုံးလို့ရတယ် ဆိုပေမယ့်လို့ ကနေ့ထိ ဒါတွေ သုံးစွဲခဲ့ခြင်း လုံးဝမရှိပါဘူး။ ဒါအားလုံးလည်း နားလည်ကြမယ်လို့ ယုံကြည်ပါတယ်။ နာယကအနေနဲ့ ဆောင်ရွက်နိုင်တဲ့အပိုင်းတွေ ရှိပါတယ်။ စီမံခန့်ခွဲရေးနည်းလမ်းအရ ဆောင်ရွက်လို့ရသလို ဥပဒေအရလည်း အရေးယူဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါပေမဲ့ နာယကအနေနဲ့ အားလုံး ဘယ်သူ့ကိုမဆို အားလုံး ချစ်ကြည်ရင်းနှီးစွာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိအနေနဲ့တော့ အတတ်နိုင်ဆုံး စိတ်ရှည်သည်းညည်းခံပြီး ဆောင်ရွက်ပေးနေတယ်ဆိုတာကို နားလည်သဘောပေါက်စေလိုပါတယ်”လို့ ဦးတီခွန်မြတ်က ပြောပါတယ်။ တပ်မတော်သားကိုယ်စားလှယ်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီးတော့လည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာနဲ့အညီ ပြုမူပြောဆိုဖို့နဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေး ဆောင်ရွက်ရင် မလိုလားအပ်တဲ့ ချစ်ကြည်ရင်းနှီးမှုတွေ ထိခိုက်လာနိုင်တဲ့ အနေအထားမျိုး ရှိတာကြောင့် ရုန့်ရင်းကြမ်းတမ်းတဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မပြုဖို့ သတိပေးခဲ့ပါတယ်။ ဗိုလ်မှူးချုပ်အောင်စန်းချစ် တင်ပြတဲ့ကိစ္စဟာ မှန်ကန်ပြီး လွှတ်တော်ရုံးပိုင်းဆိုင်ရာက လိုအပ်ချက်ကြောင့် အခုလို စာသားတချို့ ကျန်ခဲ့အတွက် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးသွားမယ်လို့လည်း လွှတ်တော်နာယက ပြောပါတယ်။ ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်
1 year Ago

October 26, 2019

လွှတ်တော်တွင်း ဝန်ကြီးဌာနများ မရှင်းမလင်းနှင့် ရောပြွမ်းဖြေဆိုမှု ပိုများနေ

ဝန်ကြီးဌာနတွေက လွှတ်တော်မှာ လာရောက်ဖြေဆိုတဲ့အခါ မရှင်းမလင်းနဲ့ ရောပြွမ်းဖြေဆိုတာက ပိုပြီး သိသိသာသာ များနေတယ်လို့ လွှတ်တော်စောင့်ကြည့်ရေး အစီရင်ခံစာက ဆိုပါတယ်။ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ကနေ သုတေသနလုပ်ထားတာဖြစ်ပြီး ပြည်ထောင်စုအဆင့် လွှတ်တော်တွေရဲ့ ပုံမှန်အစည်းအဝေးတွေကို သုံးသပ်တဲ့ အစီရင်ခံစာကို မနေ့က ထုတ်ပြန်လိုက်တာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေကို ဝန်ကြီးဌာန တာဝန်ရှိသူတွေက လာရောက်ဖြေဆိုတဲ့အခါ အပြုသဘောဆောင်တာ၊ ငြင်းဆိုဖြေကြားတာ၊ မရှင်းလင်းတာ၊ ရောပြွမ်းနေတာနဲ့ ဆောင်ရွက်ဆဲလို့ ဖြေဆိုတာဆိုပြီး ၅ မျိုး ခွဲခြားလိုက်ပါတယ်။ ရလဒ်ကတော့ မရှင်းလင်းတာနဲ့ ရောပြွမ်းတုံ့ပြန်မှုက အကြိမ်ပေါင်း ၂၅၀ လောက် ရှိခဲ့တာကြောင့် အပြုသဘောဆောင် ဖြေဆိုခဲ့တာထက် သိသိသာသာကို ပိုပြီးများနေတာကို တွေ့ရပါတယ်။ ၂၀၁၈ နိုဝင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အထိ ကျင်းပတဲ့ အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ မရှင်းလင်းတဲ့ တုံ့ပြန်မှုနဲ့ ရောပြွမ်းတုံ့ပြန်မှုက ၂၉ ကြိမ်ရှိခဲ့ပြီး ဆောင်ရွက်ဆဲလို့ တုံ့ပြန်တာ ၁၄ ကြိမ်၊ ငြင်းဆိုတုံ့ပြန်တာ ၁၂ ကြိမ်နဲ့ အပြုသဘောင်ဆောင်တာက ၃၇ ကြိမ်ရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာ မရှင်းလင်းတဲ့တုံ့ပြန်တာ ၅၁ ကြိမ်၊ ရောပြွမ်းတုံ့ပြန်တာ ၆ ကြိမ်ရှိပြီး ၁၅ ကြိမ်က ငြင်းဆိုတုံ့ပြန်ခဲ့ပါတယ်။ ဆောင်ရွက်ဆဲလို့ တုံ့ပြန်တာ ၁၉ ကြိမ်ရှိပြီး အပြုသဘောဆောင်ကတော့ ၃၆ ကြိမ်ရှိပါတယ်။ ဒီအစည်းအဝေး ၃ ကြိမ်ထဲမှာ အပြုသဘောဆောင် ဖြေဆိုတာ စုစုပေါင်းက ၂၃၂ ကြိမ်ပဲ ရှိခဲ့ပါတယ်။ အများဆုံး လာရောက်ဖြေဆိုရတဲ့ ဝန်ကြီးဌာနကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဖြစ်ပြီး သူ့နောက်မှာ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း၊ ပညာရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၃ ရက်ကနေ စက်တင်ဘာ ၁၉ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးမှာ မရှင်းလင်းတဲ့ တုံ့ပြန်မှုက ၆၅ ကြိမ် ရှိခဲ့လို့ သုတေသနလုပ်တဲ့ အစည်းအဝေး ၃ ကြိမ်အတွင်း အများဆုံးဖြစ်ပြီး ရောပြွမ်းတုံ့ပြန်မှုက ၃ ကြိမ်၊ ငြင်းဆိုတုံ့ပြန်တာက ၁၃ ကြိမ်၊ ဆောင်ရွက်ဆဲလို့တုံ့ပြန်တာက ၈ ကြိမ်နဲ့ အပြုသဘောဆောင် ဖြေဆိုတာက ၃၄ ကြိမ် ရှိခဲ့ပါတယ်။ နဝမအကြိမ် အမျိုးသားလွှတ်တော်မှာတော့ အပြုသဘောဆောင်ဖြေတာက ၄၃ ကြိမ်ရှိလို့ များနေပေမယ့် လာရောက်မဖြေဆိုခဲ့တာ တကြိမ်ရှိပြီး မရှင်းလင်းတဲ့ တုံ့ပြန်တာ၊ ရောပြွမ်းတုံ့ပြန်တာက ၂၅ ကြိမ် ရှိခဲ့ပါတယ်။ ပြီးတော့ ငြင်းဆိုတုံ့ပြန်တာက ၁၆ ကြိမ်၊ ဆောင်ရွက်ဆဲလို့ ဖြေဆိုတာ ၂ ကြိမ် ရှိပါတယ်။ ဒီအစည်းအဝေး ၃ ကြိမ်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ စုစုပေါင်း မေးခွန်း ၆၂၄ ခု မေးမြန်းဖြေဆိုခဲ့ပြီး ဝန်ကြီးဌာနတွေဟာ မေးခွန်းထက်ဝက်ကျော်ကို အပြုသဘောမဆောင်တဲ့ အဖြေတွေလာရောက်ဖြေကြားတာတာကိုတွေ့ရပါတယ်။ ၂၀၁၈ မေ ၁၄ ရက်နေ ဇွန် ၂၁ ရက်အထိ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးမှာတော့ မရှင်းလင်းတဲ့တုံ့ပြန်မှုက ၅၃ ကြိမ်ရှိခဲ့တာကြောင့် ရောပြွမ်းတုံံပြန်တာ ၁ ကြိမ်၊ ဆောင်ရွက်ဆဲလို့ တုံ့ပြန်တာ ၅ ကြိမ်၊ ငြင်းဆိုတုံ့ပြန်တာ ၁၆ ကြိမ်နဲ့ အပြုသဘောင်ဆောင် တာကတော့ ၃၄ ကြိမ် ရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ အပြုသဘောဆောင်တုံ့ပြန်တာက ၄၈ ကြိမ်ရှိပြီး မရှင်းလင်းတာနဲ့ ရောပြွမ်းတုံ့ပြန်တာ ၁၅ ကြိမ်၊ ငြင်းဆိုတုံ့ပြန်တာ ၁၄ ကြိမ်၊ ဆောင်ရွက်ဆဲလို့ တုံ့ပြန်တာ ၉ ကြိမ် ရှိခဲ့ပါတယ်။
2 years Ago
Up