လျှို့ဝှက်အချုပ်ခန်း တွေ့ရှိ

April 29, 2017

ဖိလစ်ပိုင် မနီလာရဲစခန်းတခုတွင် လျှို့ဝှက်အချုပ်ခန်း တွေ့ရှိ (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာက ရဲစခန်းတခုထဲမှာရှိတဲ့ လျှို့ဝှက်အချုပ်ခန်းကို လူ့အခွင့်အရေး အုပ်စုတစုရဲ့ သတင်းပေးမှုအရ ဧပြီ ၂၇ ရက်နေ့က ရှာတွေ့ခဲ့ပါတယ်။ ဒီအချုပ်ခန်းဟာ မူးယစ်ဆေးနဲ့ပတ်သက်ပြီး သံသယ ရှိသူတွေကို တရားမစွဲဘဲ တရားမဝင် ချုပ်ထားတဲ့ နေရာပါ။ ဖိလစ်ပိုင် ရဲဌာနက စခန်းမှူးကို ဧပြီ ၂၈ ရက်နေ့က ရာထူးက ထုတ်ပယ်ပြီး စုံစမ်းစစ်ဆေး နေပါတယ်။ ရဲစခန်းမှူးရဲ့ ရုံးခန်းထဲကို လူ့အခွင့်အရေး ကော်မရှင် ညွှန်မှူး ဂီလ်ဘတ် ဘွိုင်စာ သတင်းထောက်တွေကို ဦးဆောင်ခေါ်သွားခဲ့ပြီး သူ့ရုံးခန်း ဘီရိုနောက်မှာ လျှို့ဝှက်အချုပ်ခန်း ရှိနေတာကို ဖော်ထုတ်ခဲ့ပါတယ်။ အချုပ်ခန်းထဲမှာ လူ ၁၁ ယောက်ကို ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ ရာထူးချခံရတဲ့ ရဲစခန်းမှူး ရောဘတ် ဒိုမင်ဂိုက အရင်းအမြစ် ပြတ်လပ်မှုကြောင့် အချုပ်ခန်း နေရာကို ချဲ့ရုံ ချဲ့ထားတာလို့ ပြောပါတယ်။ အချုပ်ခန်းကို ရှာတွေ့မှုကြောင့် ဖိလစ်ပိုင် အမျိုးသားရဲဌာနအပေါ် မေးခွန်းတွေ ပိုပြီး ပေါ်ထွက်လာပါတယ်။ သမ္မတ ဒူဒါတေရဲ့ မူးယစ်စစ်ပွဲအတွင်း အာဏာအလွဲသုံးစားလုပ်မှု စွဲချက်အတွက် ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။
4 years Ago
Up