လျှို့ဝှက် နျူကလီးယားလက်နက် စမ်းသပ်မှု မှတ်တမ်းရုပ်သံ အမေရိကန် ဖြန့်ချိ

March 20, 2017

လျှို့ဝှက် နျူကလီးယားလက်နက် စမ်းသပ်မှု မှတ်တမ်းရုပ်သံ အမေရိကန် ဖြန့်ချိ

အမေရိကန်အစိုးရက ၁၄၄၅ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အကြား ပြုလုပ်ခဲ့တဲ့ လျှို့ဝှက် နျူကလီးယားလက်နက် စမ်းသပ်မှု မှတ်တမ်းရုပ်သံကို ဖြန့်ချိလိုက်ပါတယ်။ ကမ္ဘာကို လုံးဝမဖြန်ချိရသေးတဲ့ ၁၉၄၅ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်အကြားနဲ့ ဒီနေ့အထိ ပြုလုပ်ခဲ့တဲ့ လက်နက်စမ်းသပ်မှု ရုပ်သံ ၁ သောင်းဝန်းကျင်ကို မှတ်တမ်းတင်ခဲ့တယ်လို့ သိရပါတယ်။ မှတ်တမ်းရုပ်သံ ၇၅၀ ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းမှု ၅ နှစ်တာစီမံကိန်း အပတ်တကုတ် ကြိုးစားလုပ်ပြီးနောက် ဒီရုပ်သံတွေကို ထုတ်လွှင့်ခဲ့တာပါ။ ဗွီဒီယိုရုပ်သံတွေ ပျက်စီးတော့မယ့်ဆဲဆဲ လုံးဝပျောက်ကွယ်သွားမယ့်အချိန်မှာ ကယ်လီဖိုးနီးယားပြည်နယ် လောရင့်စ်လစ်ဗာမိုး နေရှင်နယ်ဓာတ်ခွဲခန်းမှ လက်နက်ရူပဗေဒပညာရှင် ဂရက်ဂ်စပရစ်ဂ်နဲ့ သူ့ရဲ့အဖွဲ့ထံ ရုပ်သံတွေကို လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ “ဒီဗွီဒီယိုရုပ်သံတွေက ပျက်စီးတော့မယ်၊ လုံးဝကို အသုံးမဝင်ဖြစ်တော့မယ်ဆိုတာ ကျနော်တို့က သိနေတယ်” လို့ မစ္စတာစပရစ်ဂ်က ပြောပါတယ်။ သူက ဆက်ပြီး "ကျနော်တို့ အခုကောက်ယူခဲ့တဲ့ အချက်အလက်တွေက ဒစ်ဂျစ်တယ်ပုံစံနဲ့ တာရှည်ခံအောင် လုပ်ကိုလုပ်ရမယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်သံတွေကို ဘယ်လောက်ပဲ ဂရုစိုက်ထားထား တာရှည်ခံအောင် ဘယ်လောက်ပဲထိန်းသိမ်း ဒါတွေက ပျက်စီးသွားတော့မှာ။ ဒီရုပ်သံတွေကို အော်ဂဲနစ်ပစ္စည်းတွေနဲ့ လုပ်ထားလို့ အော်ဂဲနစ်ပစ္စည်းတွေက ပျက်စီးပါတယ်။ ဒါကြောင့် သတင်းအချက်အလက်တွေကို မပျက်စီးဘဲ ရရှိနိုင်အောင် ဒီစီမံကိန်းကို အချိန်မီလေး ဆောင်ရွက်ခဲ့တာ” လို့ ပြောပါတယ်။ ဒီဗွီဒီယိုရုပ်သံထဲမှာ ပေါက်ကွဲမှုကနေ မှိုပွင့်အကြီးကြီးလို တိမ်တွေဖြစ်နေပြီး အခုတော့ ဒီရုပ်သံကို လူထုတွေ ပထမဦးဆုံးအကြိမ်အနေနဲ့ မြင်တွေ့နိုင်ပြီလို့ ဆိုပါတယ်။ နီဗားဒါးပြည်နယ် မိုဟက်ဗီ သဲကန္တာရထဲနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းတွေမှာ အမေရိကန်အစိုးရက လက်နက်စမ်းသပ်မှုပေါင်း အကြိမ် ၂၁၀ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စီမံကိန်းကို ဆောင်ရွက်ရာမှာ အမေရိကန်နိုင်ငံတဝန်း ပျံ့နှံ့နေတဲ့ ဒီ နျူကလီးယားလက်နက်စမ်းသပ်မှု ရုပ်သံတွေကို ရှာဖွေရတာနဲ့ ခြေရာကောက်ရတာက အခက်ခဲဆုံးပြဿနာပဲလို့ မစ္စတာ စပရစ်ဂ်က ပြောပါတယ်။
5 years Ago
Up