လျှို့ဝှက်သည်းဖို

September 5, 2018

ရာဇဝတ်ပြစ်မှုဆိုင်ရာ ဟောလိဝုဒ် လျှို့ဝှက်သည်းဖို ရုပ်ရှင်ကား - Mara (နမူနာ)

ရာဇဝတ်ပြစ်မှုဆိုင်ရာ ဟောလိဝုဒ် လျှို့ဝှက်သည်းဖိုအမျိုးအစား ရုပ်ရှင်တွေ နှစ်သက်ကြတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Mara အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာ ၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ ကလိုက်ဗ်တန်းဂ်ျက ကိုယ်တိုင် ဇာတ်လမ်းရေးပြီး ကိုယ်တိုင် ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ကာ ဆေးဗန်း ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာပါ။ ရာဇဝတ်ပြစ်မှုဆိုင်ရာ စိတ်ပညာရှင် အမျိုးသမီးတယောက်ဖြစ်တဲ့ ကိတ်တ်ဖူလာဟာ လူတယောက် သေဆုံးမှုတခုအတွက် စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးခံရတယ်။ သေဆုံးတဲ့ အမျိုးသားဟာ ထူးထူးဆန်းဆန်း လည်ပင်းညှစ်သတ် ခံခဲ့ရတယ်လို့ ယူဆရပြီး ဒီအခြေအနေမှာ သက်သေက သေဆုံးသူရဲ့ သမီး ၈ နှစ်အရွယ် ဆိုဖီဆိုတဲ့ ကောင်မလေး ဖြစ်နေတယ်။ ဆိုဖီကတော့ တရားခံကို မာရာ (Mara) လို့ပဲ ပြောခဲ့တယ်။ အဲဒီ မာရာဆိုတာ ဘယ်သူလဲ။ ကိတ်တ်ဟာ ဒီအမှုကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားချိန်မှာ အိမ်ကြီးထဲက အရိပ်လိုလို တယောက်ယောက်က ခြောက်လှန့်ခံရပြီး သေဆုံးခဲ့ကြရတယ်ဆိုတာကို သိရပြီးနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ သူ့ကိုရော ခြောက်လှန့်ခံရမလား။ အသက်အန္တရာယ်နဲ့ရော ရင်ဆိုင်ရနိုင်သလား ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပြင်သစ်မော်ဒယ်နဲ့ သရုပ်ဆောင်မင်းသမီး အော်လ်ဂါ ကာရ်လင်းကိုနဲ့အတူ စပိန်သရုပ်ဆောင်မင်းသား ဂျေဗီယာဘိုတက်ထ်၊ ဗြိတိန်သရုပ်ဆောင်မင်းသား ခရိတ်ဂ်ျကွန်းဝေးတို့က တွဲဖက်ပါဝင်ထားကြပါတယ်။ သွေးပျက် ထိတ်လန့်စရာကောင်းပြီး ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ သရုပ်ဆောင်မှုတွေ၊ ပြောစကား ဒိုင်ယာလော့ဂ်တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 6.7 အထိ ရရှိထားတာ ဖြစ်ပါတယ်။
3 years Ago
Up