လျှို့ဝှက်ချက်များနှင့် ပြည့်နေသည့် ရုရှားသမ္မတပူတင်၏ သမီးငယ် အိမ်ထောင်ရေးပြိုကွဲမှု

January 30, 2018

လျှို့ဝှက်ချက်များနှင့် ပြည့်နေသည့် ရုရှားသမ္မတပူတင်၏ သမီးငယ် အိမ်ထောင်ရေးပြိုကွဲမှု

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ သမီးငယ် ကက်တရီနာတီခိုနိုဗာနဲ့ ရုရှား အသက်အငယ်ဆုံး ဘီလီယံနာတို့ကြား အိမ်ထောင်ရေး ပြိုကွဲသွားတာက လျှို့ဝှက်ချက်တွေ ပြည့်နှက်နေတယ်လို့ သိရပါတယ်။ ဘီလီယံနာ စီးပွားရေးသမား ကီရီလ်ရှာမာလော့ဗ်က ရုရှား နာမည်ကြီး အလှပဂေးဖြစ်သူ ဇန်နာဗော်လ်ကိုဗာနဲ့ တွဲခဲ့ပြီးနောက် ပူတင်ရဲ့ သမီးငယ်ဖြစ်သူနဲ့ ကွဲသွားလို့ ပြစ်ဒဏ်အနေနဲ့ သူ ချမ်းသာပိုင်ဆိုင်တာရဲ့ တဝက် ပေးလိုက်ရတယ်လို့လည်း ယူဆပြောဆိုနေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ချစ်သူများနေ့မှာ ဇန်နာဗော်လ်ကိုဗာက မျက်နှာပုံမပြထားတဲ့ အမျိုးသားတယောက်နဲ့ ချစ်သူတွေပုံစံ တွဲကနေတဲ့ ဓာတ်ပုံရိုက်ခံပြီးတဲ့နောက် ဒီအရှုပ်တော်ပုံ ထွက်လာခဲ့တာပါ။ သူမနဲ့တွဲကတဲ့ အမျိုးသားရဲ့ မျက်နှာကို အပြုံးအီမိုဂျီပုံလေးနဲ့ ဖုံးထားပေမယ့် ရှာမာလော့ဗ်နဲ့ ဆင်တူနေတယ်လို့ အိုးပန်းမီဒီယာသတင်းဌာနက ပြောပါတယ်။ သတင်းဌာနတွေရဲ့ ပြောကြားချက်ကို ရှာမာလော့ဗ်နဲ့ လန်ဒန်မှာ နေထိုင်နေသူ ဇန်နာဗော်လ်ကိုဗာက ဘာမှ မှတ်ချက်မပေးခဲ့ပါဘူး။ ပူတင်ရဲ့ ကာလရှည်ကြာ စီးပွားဘက် မိတ်ဆွေဖြစ်သူ နစ်ကိုလေရဲ့သား ရှာမာလော့ဗ်နဲ့ အသက် ၃၁ နှစ်အရွယ် ကက်တရီနာတို့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့တာကို ဘယ်တုန်းကမှ အတည်မပြုသလို ကရင်မလင်နန်းတော်ကလည်း ပူတင်မိသားစုအကြောင်း ဆွေးနွေးဖို့ကိစ္စကို ပုံမှန်အတိုင်း ငြင်းဆန်ခဲ့ပါတယ်။ ကက်တရီနာဟာ ဘူဂီဝူဂီလို့ခေါ်တဲ့ ၁၉၂၀ နှောင်းပိုင်း ခုနှစ်တွေက ခေတ်စားတဲ့ ဂီတအက ပြိုင်ပွဲတွေမှာ ထူးချွန်ပေမယ့် သူမရဲ့ဖခင်ဖြစ်သူ ပူတင်က ၂၀၂၄ ခုနှစ်မှာ သူ့အရိုက်အရာခံယူဖို့ သူမကို လေ့ကျင့်ပေးနေတယ်လို့လည်း အခိုင်အမာ ပြောနေကြပါတယ်။ သူမနဲ့ ရှာမာလော့ဗ်တို့စုံတွဲဟာ စိန့်ပီတာစ်ဘာ့ဂ်နားက နှင်းလျှောစီး အပန်းဖြေစခန်း အိုင်ဂိုရာမှာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာဆောင် ကျင်းပခဲ့ကြပြီး မြင်းဖြူ ၃ ကောင်ဆွဲတဲ့ စွတ်ဖားကို စီးခဲ့ကြတာလို့ ဆိုပါတယ်။ မင်္ဂလာပွဲလာတဲ့ ဧည့်သည်အားလုံး မင်္ဂလာပွဲကို လျှို့ဝှက်ထားရပြီး ပူတင်က သူ့မိသားစုအရေး ဆွေးနွေးပြောဆိုတာကို တားမြစ်ထားလို့ တရားဝင်ကြေညာခြင်းလည်း မရှိခဲ့ပါဘူး။ သူတို့ ၂ ဦး ပေါင်းဖက်ပြီးနောက် ခုအချိန်မှာ အသက် ၃၅ နှစ် ရှိနေပြီဖြစ်တဲ့ ရှာမာလော့ဗ်က ဘီလီယံနာ ဖြစ်လာခဲ့တာပါ။ သူ ချမ်းသာကြွယ်ဝတဲ့ အဓိကအချက်က ပူတင်ရဲ့ မိသားစုဝင် ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ ရုရှားသမ္မတရဲ့ သမီးငယ်နဲ့ လက်ထပ်ပြီးနောက် စီဘာ (Sibur) ဓာတ်ငွေ့နဲ့ ဆီကုမ္ပဏီကြီးကနေ ရှာမာလော့ဗ်က ၄ ဒသမ ၃ ရာခိုင်နှုန်း အစုရှယ်ယာတွေ လက်ဆောင်ရခဲ့တယ်လို့ သိရပြီး ပြီးခဲ့တဲ့နှစ် ဧပြီလကတော့ အဲဒီအစုရှယ်ယာတွေကို အဓမ္မ စွန့်လွှတ်ခဲ့ရတယ်လို့ အမည်မသိ သတင်းအရင်းအမြစ်တခုက ဘလူးမ်ဘာ့ဂ်သတင်းဌာနကို ပြောပါတယ်။ ရှာမာလော့ဗ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကတော့ ဒီသတင်းကို ငြင်းဆန်လိုက်ပြီး သူ့ရဲ့ ကံမကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် စီးပွားရေး ဆုံးရှုံးခဲ့ရတာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရှာမာလော့ဗ်ရဲ့ ချမ်းသာကြွယ်ဝမှုက ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဖြစ်ပေမယ့် ခုချိန်မှာတော့ ခန့်မှန်းခြေ ဒေါ်လာ သန်း ၈၀၀ လောက်ပဲ ရှိတော့တယ်၊ ဒါပေမယ့်လည်း လင်မယားကွဲတဲ့စရိတ်နဲ့ ချေးငွေအများကြီးအတွက် အတိုးပေးရလို့ သူ့ရဲ့ ကြွယ်ဝမှုက ဒီထက်လည်း လျော့နိုင်တယ်လို့ မော်စကိုမြို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီလို အိမ်ထောင်ကွဲလိုက်တာက အမေရိကန် ဒါမှမဟုတ် ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကနေ ပူတင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ လုပ်တာလို့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ ရှာမလော့ဗ်အနေနဲ့ ပူတင်ရဲ့သမီးနဲ့ ဒီလိုကွဲလိုက်တာက စွန့်စားလိုက်တာပဲလို့ ရုရှားလူမျိုးတွေက ပြောလိုက်ပြီး “သူ ခုချိန်ထိ အသက်ရှင်ပြီး လွတ်လွတ်လပ်လပ် နေနိုင်တာကို ဘုရားသခင်နဲ့ သူ့ကို စောင့်ရှောက်နေတဲ့ နတ်ကောင်းနတ်မြတ်တွေကို ကျေးဇူးတင်ရမယ်” လို့ ရုရှားတဦးက မှတ်ချက်ပေးထားပါတယ်။ ပြီးခဲ့တဲ့နှစ် သတင်းတွေအရ ပူတင်က သမီးငယ် ကက်တရီနာကို သူ့နေရာဆက်ခံဖို့ တိတ်တဆိတ် လေ့ကျင့်ပေးနေတယ်လို့ သိရပြီး ကက်တရီနာက မော်စကိုပြည်နယ်တက္ကသိုလ်မှာ ရင်းနှီးမြှုပ်နှံကာ သူမရဲ့ကိုယ်ပိုင်စီးပွားရေးကို လုပ်ဆောင်နေတာပါ။ ပူတင်ရဲ့ ကိုယ်ရေးအထ္ထုပ္ပတ္တိရေးသူ နာတာလီရာက “ရုရှားနိုင်ငံ ရွေးကောက်ပွဲမှာ အမျိုးသမီး ပါဝင်ယှဉ်ပြိုင်တာက အတော်စိတ်ဝင်စားဖို့ ကောင်းပြီး ခေတ်သစ်နိုင်ငံရေး စမ်းသပ်မှုပဲ” လို့ ပြောပါတယ်။ ပူတင်ကတော့ သူ့သမီးတွေက သူတို့ရဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ ပထမခြေလှမ်း လှမ်းနေပြီး တိုးတက်မှုရှိတယ်။ သူတို့တွေ နိုင်ငံရေး ဒါမှမဟုတ် စီးပွားရေးမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ပြောလိုက်ပြီး သမီးတွေက သူတို့ကို လူထုအာရုံစိုက်တာ မကြိုက်ဘူး၊ သူတို့ကိုယ်ပိုင်ဘဝမှာပဲ သူတို့နေတယ်လို့ ပြောဆိုကြောင်း သည်ဆန်းသတင်းမှာ ဇန်နဝါရီ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up