လျှို့ဝှက်သည်းဖို

April 24, 2018

မကြာခင်ကြည့်ရှုရမည့် သဘာဝလွန် လျှို့ဝှက်သည်းဖို Truth or Dare ရုပ်ရှင် (နမူနာ)

ဟောလိဝုဒ် သဘာဝလွန် လျှို့ဝှက်သည်းဖို ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ Truth or Dare အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံမှာ မကြာခင် ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ Truth or Dare ဆိုတာ ဂိမ်းတမျိုးဖြစ်ပြီး ဒီဂိမ်းကို အားလုံး ကစားဖူးကြမှာပါ။ ဒီဂိမ်းက သူငယ်ချင်းအချင်းချင်း ကစားကြတဲ့ ဂိမ်းမျိုးဖြစ်ပြီး စိတ်ထဲကသိချင်တဲ့ မေးခွန်းတခုခုဖြစ်စေ၊ မကျေနပ်တာ မရှင်းလင်းတာ စတဲ့ မေးခွန်းတခုခုဖြစ်စေ မေးလိုက်ရင် အမေးခံရတဲ့သူက အမှန်ကို ပွင့်ပွင့်လင်းလင်း ဖြေပေးရတာမျိုးပါ။ တကယ်လို့များ သူက အမှန်ကိုဖြေဖို့ ငြင်းဆန်တာမျိုး၊ ဒါမှမဟုတ် သူက လိမ်ညာပြီး ဖြေခဲ့ရင်တော့ ကျန်တဲ့သူတွေ ခိုင်းတာကို လုပ်ပေးရတာမျိုးဖြစ်ပြီး ပျော်စရာကောင်းတဲ့ ဂိမ်းတခုပါပဲ။ ဒါပေမယ့် ဒီဇာတ်ကားထဲက ဂိမ်းမှာတော့ သမားရိုးကျမဟုတ်တဲ့ လျှို့ဝှက်ချက်တခု ရှိနေခဲ့ပါတယ်။ အဲဒီလျှို့ဝှက်ချက်ကို သူငယ်ချင်းတစုက ဖော်ထုတ်ဖို့ကြိုးစားရင်း ဘယ်လို ကံကြမ္မာဆိုးတွေ သူတို့ဆီ ရောက်လာမလဲ၊ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတာကို တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစရာကောင်းအောင် ကြည့်ရှုကြရမှာပါ။ ဒီကားကို Blumhouse Productions ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Jeff Wadlow က ရိုက်ကူးခဲ့တာပါ။ သရုပ်ဆောင်တွေအနေနဲ့ အမေရိကန်အဆိုတော်နဲ့ သရုပ်ဆောင် မင်းသမီး Lucy Hale, မင်းသား Tyler Posey နဲ့ ရုပ်သံစတား မင်းသမီးတဦးဖြစ်တဲ့ Violett Beane တို့က ဦးဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ထိတ်လန့်သည်းဖို ပြကွက်တွေ ပါဝင်တဲ့ ဒီရုပ်ရှင်ကားကိုတော့ PG 13 အဆင့် သတ်မှတ်ထားတာဖြစ်ပြီး အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအနေနဲ့ မိဘအုပ်ထိန်းသူတွေ ကြီးကြပ်မှုမပါဘဲ မကြည့်သင့်ပါဘူး။ ဒီရုပ်ရှင်ကားဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ သန်းခွဲရှိခဲ့ပြီး Box Office မှာတော့ လက်ရှိအချိန်ထိ ဝင်ငွေဒေါ်လာ ၃၈ သန်းကျော် ရရှိထားပါတယ်။ ပြသချိန် မိနစ် ၁၀၀ ရှိတဲ့ သဘာဝလွန် ထိတ်လန့်သည်းဖိုရုပ်ရှင် Truth or Dare ကို နိုင်ငံတကာမှာ လက်ရှိ ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
3 years Ago
Up