လျှပ်စစ်မီးပြတ်တောက်

July 14, 2019

လျှပ်စစ်မီးပြတ်တောက်သဖြင့် အမေရိကန် မြေအောက်ရထား အမှောင်ထဲ လည်ပတ်ခဲ့ရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့လယ်က မန်ဟန်တန် ရပ်ကွက် အစိတ်အပိုင်းတွေ အတော်များများမှာ ဇူလိုင် ၁၃ ရက် ညနေက လျှပ်စစ်မီး ပြတ်တောက်လို့ မြေအောက်ရထားစနစ်ကို အမှောင်ထဲမှာ ဆက်ပြီး လည်ပတ်ခဲ့ရပါတယ်။ လူအယောက်လေးသောင်းကျော် မီးပြတ်တဲ့ဒဏ်ကို ခံစားခဲ့ရတယ်၊ ရပ်ကွက် အနောက်ပိုင်း က ထရန်စဖော်မာ ပေါက်ကွဲတာ ဖြစ်ပုံရတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒေသစံတော်ချိန် ည ၇ နာရီ လောက်က ပေါက်ကွဲသံတခု ကြားခဲ့ရတယ်လို့ အဲဒီနေရာမှာ ရှိတဲ့ရိုက်တာ သတင်းဌာနရဲ့ မျက်မြင်သက်သေက အစီရင်ခံပါတယ်။ မီးသတ်သမားတွေက ထရန်စဖော်မာ မီးလောင်တဲ့ နေရာမှာ ရောက်နေပြီလို့လည်း နယူးယောက်မြို့ မီးသတ်ဌာနက ပြောပါတယ်။ ဘူတာရုံ အတော်များများ မီးပြတ်သွားပေမယ့် ရထားတွေ အားလုံးကတော့ ဆက်ပြီးသွားနေတယ်လို့ မြို့တွင်း မြေအောက်ရထား လုပ်ငန်းကတွစ်တာ လူမှုကွန်ရက် ပေါ်ကနေ တင်ပြခဲ့ပါတယ်။
2 years Ago

July 29, 2017

တရုတ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် သစ်ပင်များပြိုလဲပြီး လျှပ်စစ်မီးပြတ်တောက်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက မြို့အတော်များများမှာ ဇူလိုင် ၂၈ ရက်နေ့က ရာသီဥတု ဆိုးရွားခဲ့လို့ သစ်ပင်တွေ ပြိုလဲပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပြတ်တောက်ခဲ့ပါတယ်။ နန်ချောင်မြို့ဝန်းကျင် ဒေသတွေမှာ မိုးသီးမုန်တိုင်းနဲ့ လေပြင်းတွေ တိုက်ခတ်ခဲ့လို့ တချို့ဒေသတွေမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တာကြောင့် ဒေသခံအစိုးရက လျှပ်စစ်ပညာရှင်တွေကို တတ်နိုင်သမျှ အမြန် စေလွှတ်ခဲ့ရပါတယ်။ လေပြင်းနဲ့ မိုးကြိုးမုန်တိုင်းအတွက် အဝါရောင်အဆင့် တပ်လှန့်သတိပေးချက်ကို မိုးလေဝသဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။ စွေးနင်မြို့က မိုးလေဝသ ဌာနကတော့ လိမ်မော်ရောင်အဆင့် မိုးသီးမုန်တိုင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ မြို့တွင်းမှာ ၁ နာရီ ၈၂ ကီလိုမီတာနှုန်းထိ လေပြင်းတွေ တိုက်ခဲ့ပြီး မိုးနဲ့ မိုးသီးတွေပါ ရွာကျခဲ့ပါတယ်။ အန္တရာယ်ရှိတဲ့ အပင်တွေနဲ့ ကျိုးကျနေတဲ့ သစ်ကိုင်းတွေကို ဒေသခံ အစိုးရတာဝန်ရှိသူတွေက ရှင်းလင်းခဲ့ရပါတယ်။ စွေနင်းမြို့မှာ အပူချိန် မြင့်မားနေလို့ အနီရောင်နဲ့ အဝါရောင်အဆင့် တပ်လှန့် သတိပေးချက်တွေကို မြို့နယ်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့ရပါတယ်။ မေရှန်းမြို့မှာ ဇူလိုင် ၂၇ ကနေ ၂၈ ရက်နေ့ထိ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်လို့ မိုးရေချိန် ၁၀၄.၁ မီလီမီတာထိ ရွာချခဲ့ပါတယ်။ ဒါကြောင့် သစ်ပင် ၃၀၀ ကျော်ပြိုလဲပြီး လျှပ်စစ်ဓာတ်အားလိုင်း ၁၀၀ ကျော် ပြတ်ကျခဲ့ပါတယ်။ သေဆုံး ဒဏ်ရာရမှု အခြေနေကိုတော့ မသိရသေးပါဘူး။ တရုတ်နိုင်ငံမှာ မိုးလေဝသ သတိပေးစနစ်အရ အရောင်လေးရောင် သတ်မှတ်ထားတာပါ။ အနီရောင်က ဆိုးရွား ပြင်းထန်ဆုံး အဆင့်ဖြစ်ပြီး အဲဒီအောက်ကမှ လိမ်မော်၊ အဝါနဲ့ အပြာရောင်တွေ အစဉ်လိုက် သတ်မှတ်ထားပါတယ်။
4 years Ago
Up