လွိုင်ကော်ပြည်သူ့ဆေးရုံ

September 2, 2020

လွိုင်ကော်ပြည်သူ့ဆေးရုံတွင်  ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစစ်ဆေးနိုင်ပြီ

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ဩဂုတ်လကုန်ပိုင်းကပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်နေပြီလို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ ဒါပေမဲ့ လူဦးရေအကန့်အသတ်နဲ့သာ စမ်းသပ်နိုင်တဲ့အနေအထားဖြစ်နေတယ်လို့ ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ ကျနော်တို့ဆီမှာရှိတဲ့စက်က အခုမှ စက်စတပ်ဆင်ပြီးတော့ ၂၇ မှာဆင်တယ်၊ ၂၈၊ ၂၉၊ ၃၀ မှာ ရန်ကုန်က ဓာတ်ခွဲစစ်ဆေးတဲ့အဖြေတွေနဲ့ ကျနော်တို့ တိုက်ဆိုင်ညှိနှိုင်းစစ်ဆေးပြီးတဲ့အခါမှာ ဒီစက်ကို အတည်ပြုစစ်ဆေးနိုင်ပြီပေါ့နော်။ စစ်ဆေးနိုင်တဲ့အခါကျတော့ ဟိုတနေ့ကထွက်လာတဲ့ ၉၅ ဦး ညမှာ ကျနော်တို့ တယောက်စစ်လိုက်တာပေါ့။ စစ်တဲ့ဟာက အဖြေက ပိုးမတွေ့ဘူး။ အဲဒီကနေ့  စစစ်တယ်၊ ဒီနေ့ ၆ ယောက်စစ်တယ်။ ကျနော်တို့က ၆ ယောက်ကနေ ၈ ယောက်စစ်နိုင်ပါတယ်။ ဒါပေမဲ့ လတ်တလော ကျနော်တို့မှာ စစ်ဆေးနိုင်တဲ့ အရေအတွက်က ၅၀ ပဲထားသေးတယ်။ နောက်ထပ် ထပ်ပေးမယ်လို့ပြောတယ်။ မရသေးဘူးပေါ့နော်။ အဲဒီက ၅၀ မှာ စမ်းတာတခုနဲ့ဆိုရင် ၁၈ ခုစစ်ပြီးပြီ။ ကျနော်တို့ ၃၀ လောက် စစ်စရာရှိသေးတယ်။” ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးသူ ၁၀၀၀ လောက်ရှိပြီး ပိုးတွေ့လူနာမရှိသေးပါဘူး။ ဒီကနေ့ စက်တင်ဘာ ၂ ရက် ညနေပိုင်းအထိ  Quarantine စင်တာမှာထားရှိသူ ၆ ဦးရဲ့  ဓာတ်ခွဲနမူနာတွေကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီးမှာ  စစ်ဆေးသွားဖို့ ရှိနေကြောင်း အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။
1 year Ago

April 14, 2020

လွိုင်ကော်ပြည်သူ့ဆေးရုံက သံသယလူနာ ၁ ဦး ကွယ်လွန်

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ မနေ့ညနေပိုင်းက အသက်ရှူကြပ်၊ အမောဖောက်ပြီး အရေးပေါ်ရောက်လာတဲ့လူနာတဦးကို သံသယလူနာအဖြစ် ကုသပေးရင်း ဒီကနေ့ မနက်အစောပိုင်းက ကွယ်လွန်သွားတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ အဆိုပါလူနာဟာ ဧပြီ ၁၃ ရက် ည ၇ နာရီလောက်က လွိုင်ကော်ပြည်သူ့ဆေးရုံကို ရောက်ရှိခဲ့ပြီး မနက် ၂ နာရီမှာ သေဆုံးသွားခဲ့တာပါ။  သေဆုံးသူရဲ့တို့ဖတ် နာမူနာကို ယူထားပြီး ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းကို ပို့ဆောင်မှာဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်စန်းမြင့်က ပြောပါတယ်။ “အဲဒီလူနာက ညနေ ၇ နာရီလောက်မှာရောက်လာတယ်။ မနက် ၂ နာရီမှာဆုံးသွားတယ်။ ဒါပေမယ် အစ်မတို့ဘက်ကလည်း စိတ်ပူတာမရှိအောင်လို့ စစ်ဆေးဖို့ယူထားလိုက်သေးတယ်။ ဓါတ်ခွဲခန်းကို ပို့မှာ။ ”  အဆိုပါလူနာဟာ လွိုင်ကော်မြို့၊ ဓမ္မာရုံရပ်ကွက်မှာ နေထိုင်တဲ့ အသက်(၄၃)နှစ်အရွယ် အမျိုးသား တဦး ဖြစ်ပြီး COVID -19 လူနာတွေနဲ့ ထိတွေ့ဖူးတာ မရှိသလို ပြည်ပခရီးသွား ရာဇဝင်မရှိဘဲ သွေးဆိပ်တက်ခြင်း၊ လေပြွန်ရောင်ရမ်းခြင်းတွေကြောင့် သေဆုံးသွားတာလို့ လွိုင်ကော်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်စန်းမြင့်က ပြောပါတယ်။ သူဟာစောင့်ကြပ်ကြည့်ရှုမှုခံယူနေတဲ့ Quarentine လူနာမဟုတ်ပေမယ့် အသက်ရှူကြပ်ပြီး သေဆုံးတဲ့အတွက် သံသယလူနာအနေနဲ့ သတ်မှတ်ထားကြောင်းလည်း ဒေါက်တာ ခင်စန်းမြင့်က ပြောပါတယ်။  “Quarentine လူနာမဟုတ်ပါဘူး။ Quarentine မှာ မထားရသေးတာ။ လူနာက အရမ်းမောကြပ်ပြီး ရောက်လာတဲ့လူနာမို့လို့ ဂရုစိုက်ပြီးလုပ်ပေးတုန်းပဲလေ။ အဲဒါဖြစ်သွားတာ။ သူက Quarentine မှာ မထားရသေးတာ။ Quarentine လူနာမဟုတ်ဘူးလို့ အစ်မက ဘာလို့ ပြောလည်းဆိုတော့လေ သူက ခရီးသွားတဲ့ ရာဇဝင်လည်းမရှိဘူး။ ရောဂါပိုးရှိတဲ့သူနဲ့ထိတွေ့တဲ့ လူလည်းမဟုတ်ဘူး။ ဒါပေမယ့်လည်း အစ်မတို့က သံသယလူနာ အဖြစ်တော့ သတ်မှတ်တယ်။ အသက်ရှူလမ်းကြောင်းရောဂါပိုးဝင်တာ မောကြပ်တဲ့လူနာမို့လို့နော်။ ” လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ဒီကနေ့အထိ COVID- 19 သံသယလူနာအနေနဲ့ စောင့်ကြည့်ကုသပေးနေသူ ၅ ဦးရှိပါတယ်။
2 years Ago
Up