လွိုင်ကော်တွင် ကိုဗစ်-၁၉ လူနာသစ်၂ ဦးထပ်မံတွေ့ရှိ

November 17, 2020

လွိုင်ကော်တွင် ကိုဗစ်-၁၉ လူနာသစ်၂ ဦးထပ်မံတွေ့ရှိ၊ အတည်ပြုလူနာ ၁၄ ဦးရှိလာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ RDT Test Kit နဲ့ အမြန်စစ်ဆေးရာမှာ ကိုဗစ်- ၁၉ ပိုးတွေ့လူနာသစ် ၂ ဦးတွေ့ရှိရကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။ လွိုင်ကော်မြို့ ဝါရီကောခူယာယီကုန်တင်ယာဉ်ရပ်နားစခန်းမှာ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို COVID-19 Antigen Rapid Diagnostic Test (RDT)နဲ့ စစ်ဆေးခဲ့ရာ ယာဉ်မောင်း ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သလို လွိုင်ကော်တက္ကသိုလ် ကာရန်တင်းစင်တာက  Stay at home မြို့တွေကနေ ပြန်လာသူတွေကို စစ်ဆေးရာမှာ အမျိုးသမီး ၁ ဦး ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါပိုးတွေ့လူနာတွေဟာ အသက် ၃၅ နှစ်အရွယ် အမျိုးသားယာဉ်မောင်း ၁ ဦးနဲ့၊ အသက် ၁၉ နှစ်အရွယ် ရန်ကုန်အထည်ချုပ်စက်ရုံမှာအလုပ်လုပ်ပြီးပြန်လာသူ အမျိုးသမီး ၁ ဦးတို့ဖြစ်တယ်လို့ ကယားပြည်နယ်ကုသရေးနှင့်  ပြည်သူ့ကျန်းမာရေးဦးစီဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ တစ်ယောက်က ကားသမားပါ။ ကားဂိတ်မှာမနက်က စစ်တော့ positive တစ်ယောက်ထွက်တယ်။ အဲဒါက ယောကျ်ားလေးပါ။ နောက်တယောက်က ဒီဘက်က ပညာရေးကောလိပ်က ရန်ကုန်က ပြန်လာတဲ့တစ်ယောက်ပါ။ သူကတော့မိန်းကလေးပါ။ သူတို့နှစ်ယောက်လုံးက အခု လွိုင်ကော်ဆေးရုံမှာပဲ ထားထားပါတယ်။ နှစ်ယောက်လုံးလည်း နေကောင်းကြပါတယ်ဗျာ။ ” အဆိုပါပိုးတွေ့လူနာ ၂ ဦးနဲ့  ထိတွေ့ခဲ့သူ ၄ ဦးကိုလည်း န.တ.လ သင်တန်း ကျောင်း ကာရန်တင်းစင်တာကို ပို့ဆောင်ထားပြီး အသွားအလာ ကန့်သတ်ထားကြောင်းနဲ့ သူတို့ကို နောက်တစ်ကြိမ် ဓာတ်ခွဲနမူနာ ထပ်မံရယူ စစ်ဆေး သွားမှာဖြစ်ပါတယ်။ ကယားပြည်နယ်မှာ အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄  ယောက်ရှိလာပြီဖြစ်ပြီး အဲဒီထဲက ၉ ဦးဆေးရုံဆင်းခွင့်ရရှိထားပြီးဖြစ်ပါတယ်။ ကျန်လူနာ ၅ ဦးထဲက ၄ ဦးမှာ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေပြီး နောက် တစ်ဦးကတော့ ဒီးမော့ဆို ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။
1 year Ago
Up