လွိုင်ကော်

January 17, 2022

လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးနိုင်ဟု KNDF ထုတ်ပြန်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် စက်မှုလယ်ယာရုံးနဲ့ ၁၁ ထပ် ဟိုတယ်အနီးမှာ ဇန်နဝါရီ ၁၆ ရက် မနက် ၉ နာရီကစပြီး ညနေ ၅ နာရီ ခွဲအထိ တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံး အယောက် ၂၀ ထိခိုက်ကျဆုံးနိုင်တယ်လို့ KNDF ပြန်ကြားရေးဗျူရိုက ထုတ်ပြန်ပါတယ်။

အလားတူ မွန်းလွဲ ၂ နာရီလောက်မှာလည်း ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာ ခြေကုပ်စခန်းမှ ရေခပ်ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေကို KNDF တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်မှ အထပ်မြင့်အဆောက်အအုံနဲ့ နည်းပညာတက္ကသိုလ်တို့ကို အကာအကွယ်ယူပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် PDF ပူးပေါင်းတပ်တွေနဲ့အတူ KNDF တို့က ခုခံ တိုက်ခိုက်ခဲ့တာလို့  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ထိခိုက်မှုများပြားခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ လေကြောင်းပစ်ကူသုံးပြီး ညနေ ၅ နာရီ ၂၅ မိနစ်အချိန်မှာ တိုက်ပွဲဖြစ်ပွားရာ မိုင်းလုံးရပ်ကွက်ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။  

ဇန်နဝါရီ ၁၆ ရက် ညနေ ၅ နာရီခွဲလောက်မှာလည်း  ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံကျေးရွာအတွင်း  စစ်ကောင်စီဘက်က လေကြောင်းနဲ့  လာရောက်တိုက်ခိုက်လို့ ပရဟိတလူငယ် ၃ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

1 day Ago

January 12, 2022

နှစ်ရက်အတွင်း ဆီဆိုင်သို့ရောက်လာသည့် လွိုင်ကော်စစ်ရှောင် ၁ သောင်းကျော်ရှိလာ

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်အတွင်း စစ်ကောင်စီတပ်တွေက မြို့တွင်းတိုက်ပွဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ပြည်သူ့အိုးအိမ်တွေကို ဗုံးကြဲတိုက်ခိုက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး ရှမ်းပြည်တောင်ပိုင်း ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ပေါ် ဘုန်းကြီးကျောင်းတွေနဲ့  ကက်သလစ်ဘုရားကျောင်းတွေမှာ စစ်ရှောင်တွေကို ယာယီတဲတွေဆောက် လက်ခံထားပြီး ၂ ရက်အတွင်း ဦးရေ  ၁ သောင်းကျော် ရှိလာပါတယ်။ 

အများစုဟာ လွိုင်ကော်မြို့ပေါ်ကဖြစ်ပြီး ဖယ်ခုံ၊ မိုးဗြဲ ဒေသတွေမှာ တိမ်းရှောင်နေသူတွေလည်း ထပ်ရောက်လာဖို့ရှိတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဦးခွန်ကျော်ဝင်းက ပြောပါတယ်။ 

စောင်၊ ခြင်ထောင်၊ စားနပ်ရိက္ခာများ အဓိက လိုအပ်နေပြီး စစ်ရှောင်ဦးရေ တိုးလာတာနဲ့အမျှ လိုအပ်ချက်တွေ များလာနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နဲ့အနီးတဝိုက်မှာလည်း လူဦးရေထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေရပြီး စစ်ရှောင်စခန်းဖွင့်ဖို့ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

6 days Ago
More News
Up