ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းရှိ လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေး ကြားစခန်းဟာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီး မကြာခင် ရက်ပိုင်းအတွင်း နိုင်ငံတော်ကို အပ်နှံသွားမယ်လို့ သိရပါတယ်။
လှဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးကြားစခန်းမှာ နေအိမ် ၆၂၅ လုံးအနက် ၅၈၁ လုံး ပြီးစီးနေပြီဖြစ်သလို အဆောက်အဦတွေ အပါအဝင် လမ်းတွေလည်း ပြီးလုနီးပါးရှိနေပြီ ဖြစ်လို့ မေလ ၁၅ ရက်မှာ နိုင်ငံတော်ကို အပြီးအပ်နှံသွားမယ်လို့ စခန်းတည်ဆောက်ရေး စီမံကိန်းအင်ဂျင်နီယာ ဦးတင်စိုးကပြောပါတယ်။
ဒီလှဖိုးခေါင် ယာယီကြားစခန်းမှာ လူဦးရေ ၃၀၀၀၀ ဆံ့ပြီး ဒီကြားစခန်းကို UEHRD ရဲ့ ဦးဆောင်မှုနဲ့ နေအိမ်တွေ ဆောက်လုပ်နေတာပါ။
လက်ရှိမှာတော့ နေအိမ်တွေအလုံး ၅၀၀ ကျော်အတွက် လျှပ်စစ်မီးတွေ အဆင်သင့်ဖြစ်နေပြီး သောက်သုံးရေတွေအတွက်လည်း အဝီစိရေနဲ့ ဆည်ကရေ သွယ်တန်းတဲ့အပြင် စာသင်ကျောင်းတွေနဲ့ ကစားကွင်း အပါအဝင် ဆေးခန်းတွေ ထည့်သွင်း ဆောက်လုပ်သွားမယ်လို့ ဆိုပါတယ်။
လှဖိုးခေါင်စခန်း ဆောက်လုပ်နေတဲ့ နေအိမ်တွေဟာ ပေ ၃၀ x ၄၅ ပေအကျယ်အဝန်းရှိပြီး နေအိမ်တလုံးမှာ အခန်း ၈ ခန်းတွဲ ပါပါတယ်။ နေအိမ်တလုံးရဲ့ တန်ဖိုးကတော့ ကျပ် သိန်း ၇၀ ရှိပြီး အိမ်ရဲ့သက်တမ်းကတော့ ၁ နှစ် မှန်းဆထားတယ်လို့ အင်ဂျင်နီယာယ ဦးတင်စိုးက ပြောပါတယ်။
လှဖိုးခေါင်ယာယီကြားစခန်းမှာ ဘင်္ဂလားဒေ့ရှ်ကနေ တောင်ပြိုလက်ဝဲ ကုန်းလမ်းကြောင်းနဲ့ ငါးခူးရရေလမ်းကြောင်းကနေ ပြန်ဝင်လာမယ့်သူတွေကို ခေတ္တထားရှိမှာ ဖြစ်ပါတယ်။
အဲဒီကနေတဆင့် ကျေးရွာတွေမှာ နေအိမ်တွေ ဆောက်လုပ်ပြီး ပြန်လည်နေရာချထားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ တဖက်နိုင်ငံက ဝင်လာသူ မိသားစုဝင် ၅ ဦးသာရောက်ရှိပြီး သူတို့ကို NVC ကတ်တွေ အစိုးရက ထုတ်ပေးထားပါတယ်။
သတင်း - ဝဏ္ဏခွာညို
3 years Ago