လွတ်လပ်ရေးနေ့

January 4, 2022

လွတ်လပ်ရေးနေ့တွင် မြန်မာပြည်သူများနှင့်အတူရပ်တည်ကြောင်း နိုင်ငံတကာသံရုံးများ ထုတ်ပြန်

ရဲစွမ်းသတ္တိပြည့်ဝတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ပျော်ရွှင်ဖွယ် မင်္ဂလာရှိတဲ့ မြန်မာ့လွတ်လပ်ရေးနေ့  ဖြစ်ပါစေဖို့  ဥရောပသမဂ္ဂ (အီးယူက)  ဆုမွန်ကောင်း ပို့သတဲ့အကြောင်း ဇန်နဝါရီ ၄ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ စပိန်သံရုံးကလည်း   လွတ်လပ်ရေးရရှိခဲ့တာဟာ မြန်မာပြည်သူပြည်သားတွေအတွက် ပြည်သူတွေအားနဲ့သာ ရရှိခဲ့တာဖြစ်ပြီး  ပြည်သူတွေအားနဲ့သာ မြန်မာနိုင်ငံ​ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေး တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာ စပိန်နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်ရှိ ဘုရင် ဆဋ္ဌမမြောက် ဖိလစ်က "ကျွန်ုပ်တို့၏ အကြီးမားဆုံးနှင့် အခိုင်မာဆုံးသော ပိုင်ဆိုင် မှုမှာ ကျွန်ုပ်တို့၏နိုင်ငံသားများ၊ ကျွန်ုပ်တို့၏လူမျိုးများဖြစ်သည်ကို ကျွန်ုပ်တို့ မကြာခဏ မေ့လျော့နေကြသည်" ဟု ပြောခဲ့ဖူးကြောင်းလည်း ရည်ညွှန်းဖော်ပြထားခဲ့တာ တွေ့ရပါတယ်။

ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ သံရုံးတွေ အသီးသီးက သဝဏ် လွှာတွေ ပေးပို့ခဲ့ကြသလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း မြန်မာပြည်မှာ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး စစ်အာဏာရှင်ကိုတောင်းဆိုထားပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူလူထုကြီးကို ဂုဏ်ပြုကြောင်း၊ စစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ နှိပ်စက်ကလူ ပြုမှုတွေကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုအတွက် မျှော်လင့်ချက်ကို မစွန့်လွှတ်ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားဘူးလို့လည်း ဝန်ကြီးဘလင်ကန်က ပြောတဲ့အကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်ပါတယ်။

အလားတူ ဒိန်းမတ်သံရုံးကလည်း မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ကြောင်း  ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုရဲ့ အကျိုး အလို့ငှာ အတတ်နိုင်ဆုံး ထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းတဲ့ အဖြေကို ရှာဖွေကြဖို့  သက်ဆိုင်သူ အားလုံးအား တိုက်တွန်းထားတဲ့ ကုလ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ကို‌ ထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး အားလုံး ပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့  တောင်းဆိုထားပါတယ်။ 

ရန်ကုန်အခြေအစိုက် ကနေဒါသံရုံးကတော့ ယနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခိုင်နိုင်မှုတို့ကို ချီးကျူး ဂုဏ်ပြုလိုကြောင်း ထုတ်ပြန်ပြောကြားထားပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ ဆုံးရှုံးမှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ထိခိုက်နစ်နာမှုတွေ၊ အခက်အခဲတွေကို တွေ့ကြုံခံစားနေရတဲ့ မြန်မာပြည်သူတွေနဲ့ ထပ်တူ ရပ်တည်နေပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာ ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်နေခြင်းကို အဆုံးသတ်ရေးနဲ့  ပြစ်မှုကျူးလွန်သူတွေ တာဝန်ယူ၊ တာဝန်ခံခိုင်းရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်နေသူတွေ အပါအဝင် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ရရှိရေး မိတ်ဖက်များ အားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

တရုတ်သံရုံးကတော့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုကြောင်းသာ ရေးသား ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ အကြမ်းဖက် စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၁၁ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ နိုင်ငံတဝန်းပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကတော့ အရှိန်အဟုန်နဲ့ ဆက်လက်ပြီးတော့ လှုပ်ရှားပါဝင်နေကြဆဲဖြစ်သလို လွတ်လပ်ရေးနေ့မှာလည်း “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ဆောင်ပုဒ်နဲ့ နိုင်ငံတဝန်းဆင်နွှဲနေကြပါတယ်။

3 weeks Ago

“ပြည်သူအပေါင်းရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေသရွေ့ တိုင်းပြည်လွတ်လပ်ပြီလို့ ဆိုနိုင်မယ် မဟုတ်ပါ” NUG ယာယီသမ္မတ (ရုပ်သံ)

တိုင်းနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ အချုပ်အခြာရဲ့ မူလပိုင်ရှင် ပြည်သူအပေါင်းရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေသရွေ့ တိုင်းပြည်လွတ်လပ်ပြီလို့ ဆိုနိုင်မှာမဟုတ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ ခုလိုထည့်သွင်းပြောကြားလိုက်တာပါ။

“တိုင်းတစ်ပါးကျွန်ဘဝက လွတ်မြောက်ခဲ့တာ အနှစ် ၇၀ ကျော်ပြီ ဖြစ်ပေမယ့် အခုအချိန်မှာ တိုင်းရင်းသားပြည်သူအားလုံး စစ်ကျွန်ဘဝကျရောက်နေပြီး စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက် ဖိနှိပ်မှုဒဏ်ကို အပြင်းအထန်ခံစားနေကြရတာကတော့ အားလုံးအတွက် ဝမ်းနည်းစရာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဟာ အချုပ်အခြာအရ လွတ်လပ်သောနိုင်ငံတခုအဖြစ် ရပ်တည်ခဲ့ပေမယ့် အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေဖြစ်တဲ့ တိုင်းရင်းသားပြည်သူလူထုအပေါင်းရဲ့ လွတ်လပ်ရေးကတော့ စစ်အာဏာသိမ်းမှုတွေအောက်မှာ ပျောက်ဆုံးနေရဆဲ၊ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ သမ္မတကြီးက ပြောပါတယ်။

တချိန်က လွတ်လပ်ရေး ဗိသုကာတွေရဲ့ မျှော်ရည်ချက်၊ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင်နိုင်ငံ တည်ဆောက်ရေး နှုန်းစံတန်ဖိုးများဟာ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထင်ဟပ်နေပြီး လွတ်လပ်ရေးကြေညာစာတမ်း အပိုဒ် ၅ မှာ “ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူ တဦးတယောက် တ ဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက် တဖွဲ့တသင်းက ချုပ် ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်" လို့ အတိအလင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာစစ်အုပ်စုကတော့ ဒီစံတန်ဖိုးတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြီး နိုင်ငံကို သူတို့တစ်ဖွဲ့တစ်သင်းရဲ့ ပုဂ္ဂလိက အပိုင်ပစ္စည်းသဖွယ် ချုပ်ကိုင်အပိုင်သိမ်းယူ အကျိုးခံ စားနေကြခြင်းအားဖြင့် တိုင်းပြည်ကို စစ်ကျွန်ဘဝမှာ နစ်မွန်းစေခဲ့ပါတယ်။

နှစ်ပေါင်း ၆၀ အတွင်း လေးကြိမ်တိတိ အာဏာသိမ်းယူ ဗိုလ်ကျ စိုးမိုးခဲ့ခြင်းအားဖြင့် စစ်အုပ်စုဟာ သူတို့ရဲ့ အကြမ်းဖက် ဖက်ဆစ်သရုပ်ကို ဖော်ပြခဲ့ပြီး ဖြစ်ကြောင်းနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကတော့ သမိုင်းတလျှောက် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ လူမဆန်တဲ့ နည်းပေါင်းစုံနဲ့ ပြည်သူကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေတယ်ဆိုတာ ပြည်သူများကော နိုင်ငံတကာကပါ သိရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ စစ်တပ်ဟာလည်း "တပ်မတော်" ဆိုတဲ့ အမည်နာမကို ခံယူဖို့ ထိုက်တန်ခြင်း မရှိတော့ဘဲ “ပြည်သူ့ရန်သူ အကြမ်းဖက်သမားများ” အဖြစ် လျောကျသက်ဆင်း သွားခဲ့ပြီလို့လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောထားပါတယ်။

“ဒီအချိန်မှာ တိုင်းရင်းသားပြည်သူတွေအနေနဲ့ ရွေးချယ်စရာ တစ်လမ်းပဲ ရှိပါတယ်။ ဒါကတော့ ပြည်သူအားလုံးနည်းမျိုးစုံနဲ့ ပါဝင်ဆင်နွှဲလျက်ရှိတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ဆင်နွှဲပြီး စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ ဖယ်ရှားပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ဒုတိယလွတ်လပ်ရေး တိုက်ပွဲကို ဆင်နွှဲခြင်းလည်း မည်ပါတယ်။”

ဒါ့အပြင် စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြန် လည်ဆွဲဆောင်ဖြားယောင်းနေပြီး စစ်အုပ်စုက ဦးဆောင်မယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ ဆန္ဒကို ထင်ဟပ်စေမှာ မဟုတ်သလို မျှတတဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာမှာ မဟုတ်ကြောင်းလည်း သမ္မတကြီးက သတိပေးထားပါတယ်။

“တကယ်တော့ ပြည်သူ့သွေးစွန်းနေတဲ့ စစ်ရာဇဝတ်ကောင်တွေဆိုတာ နိုင်ငံရေး စားပွဲဝိုင်းကို ပို့ရမှာ မဟုတ်ပါဘူး၊ သူတို့ကို ပို့ရမယ့်နေရာက ပြည်တွင်း ပြည်ပ ရာဇဝတ်ခုံရုံးများပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံဖြစ်နေပေမယ့် စစ်အုပ် စုရဲ့ အကြမ်းဖက်မှုများကို စက်ဆုပ်တဲ့ သူတွေ၊ စစ်တပ်ဟာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ် စောင့်ရှောက်ဖို့မှတစ်ပါး နိုင်ငံရေးမှာ ဝင်ပတ်သက်စရာ မလိုဘူးလို့ နားလည်ခံယူတဲ့ တပ်မှူး တပ်သားများကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရက အစဉ် ရင်ဖွင့်ကြိုဆိုနေမှာ ဖြစ်ပါတယ်။”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားတဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းအပြည့်အစုံ-

3 weeks Ago

မြဝတီမြို့တွင် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ (ဓာတ်ပုံ)

၇၄ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို  ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြစန္ဒီပန်းခြံ လွတ်လပ်ရေးကျောက်တိုင်မှာ ဇန်နဝါရီ ၄ ဒီနေ့မနက်က ပြုလုပ်သွားပါတယ်။

လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပြီး မနက် ၈ နာရီနောက်ပိုင်းမှာတော့ ပျော်ပွဲရွှင်ပွဲနဲ့ အားကစားပြိုင်ပွဲတွေ ဆက်လက်ပြုလုပ်နေပါတယ်။

လွတ်လပ်ရေးနေ့ကျင်းပနေပေမဲ့ ကရင်ပြည်နယ်အပါအဝင် ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတချို့မှာ တိုက်ပွဲဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခအခက်ခဲတွေနဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။

လွတ်လပ်ရေးနေ့မှာလည်း “သူ့ကျွန်ဘဝက လွတ်ခဲ့ပြီ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ဆောင်ပုဒ်နဲ့ နိုင်ငံတဝန်းဆင်နွှဲကြမယ့် သပိတ်မှာ အားလုံးပါဝင်ကြဖို့  နှိုးဆော်ထားပါတယ်။

3 weeks Ago

January 3, 2022

"သူ့ကျွန်ဘဝကလွတ်ခဲ့ပြီ၊ စစ်ကျွန်ဘဝက ရုန်းထွက်ကြ” ကြွေးကြော်သံဖြင့် လွတ်လပ်ရေးနေ့ လှုပ်ရှားမှုပြုလုပ်ရန်နှိုးဆော်

မြန်မာနိုင်ငံမှာ ဖက်ဆစ်စစ်တပ်  အုပ်ချုပ်မှုလက်အောက်ကျရောက်နေတဲ့ မလွတ်လပ်သေးတဲ့ အချိန်ကာလဖြစ်လို့ ဇန်နဝါရီ ၄ ရက် မနက်ဖြန် ကျရောက်မယ့် လွတ်လပ်ရေး အထိမ်းအမှတ်ပွဲကို ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာတွေ မလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေးကြွေးကြော်သံ၊ တိုက်ပွဲဝင်သံပါစာသားတွေ ရေးသားကာ စျေးသွားချိန်၊ လမ်းပေါ်ထွက်ချိန်၊ မိမိတို့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေချိန် လမ်းမပေါ်နဲ့ အများပြည်သူနေရာတွေမှာ ကြဲချတာ၊ နံရံတွေမှာ  ကပ်ထားတာတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

မလွတ်လပ်သေးတဲ့ အနာဂတ်ပျောက်ဆုံးနေတဲ့ နိုင်ငံတော်အတွင်းမှ လွတ်လပ်လာမယ့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကိုလှမ်းမျှော်တဲ့ စာတိုတွေ ရေးသားစုဆောင်းပြီး (၇၄) ကြိမ်မြောက် လွတ်လပ်ရေး လူထုလှုပ်ရှားမှုတွေအဖြစ် မှတ်တမ်းတင်ကာ  သတင်းမီဒီယာတွေကနေ  ပြန်လည်ဖော်ပြပေးသွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

3 weeks Ago
More News
Up