လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်

October 13, 2020

တရုတ်နှင့် ကမ္ဘောဒီးယား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့ ကမ္ဘောဒီးယား မြို့တော် ဖနွမ်ပင်မှာ အောက်တိုဘာ ၁၂ ရက်က တွေ့ဆုံပြီး လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်ကို နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးလိုက်ပါတယ်။ တရုတ်ရဲ့ အရေးကြီးဆုံး အာရှမဟာမိတ်တွေထဲက တနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ တရုတ် အစိုးရတို့ကြား ဈေးကွက်လက်လှမ်းမီမှု တိုးမြှင့်ရေးနဲ့ ကုန်သွယ်ရေး အဟန့်အတားများ ပယ်ရှားရေး ရည်မှန်းပြီး တနှစ်လောက် အချိန်ယူ ရေးဆွဲထားတဲ့ သဘောတူစာချုပ်လည်း ဖြစ်ပါတယ်။ မနှစ်နှောင်းပိုင်းက စဆွေးနွေးခဲ့တဲ့ သဘောတူညီချက်ထဲမှာ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ပါပြီး နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ထုတ်ကုန်တွေအတွက် အကောက်ခွန် လျှော့ချပေးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ဟာ လက်ရှိ တရုတ်နဲ့ ကမ္ဘောဒီယားက အဖွဲ့ဝင် ဖြစ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ကြား လက်ရှိကုန်သွယ်ရေး သဘောတူညီချက်နဲ့ ဘယ်လို ဆက်အလုပ်လုပ်မယ်ဆိုတဲ့ တိကျတဲ့ အသေးစိတ် အချက်အလက်တွေ မရှိသေးပါဘူး။ လူ့အခွင့်အရေး အခြေအနေ စိုးရိမ်စရာတွေကြောင့် အဓိက တင်ပို့ကုန်ဈေးကွက်ဖြစ်တဲ့ ဥရောပသမဂ္ဂနဲ့ အထူးကုန်သွယ်ခွင့် အစိတ်အပိုင်းတွေ မနှစ်က ရပ်ဆိုင်းခံထားရတဲ့ ကမ္ဘောဒီးယားအတွက် ခုသဘောတူညီချက်က အားတရပ် ဖြစ်စေနိုင်ပါတယ်။ အာရှရဲ့ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားဟာ လတ်တလောနှစ်တွေအတွင်း တရုတ်ရဲ့ အရေးကြီးတဲ့ မဟာမိတ် ဖြစ်လာပြီး စီးပွားရေးအထောက်အပံ့အတွက် အာဆီယံ သဘောတူညီချက်အတွက် ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်မှာ ဗီတိုအာဏာ သုံးနေတယ်လို့ အစွပ်စွဲခံထားရပါတယ်။ ကမ္ဘောဒီးယားကတော့ နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာမှာ တရုတ်သြဇာ လွှမ်းမိုးမှု မရှိဘူးလို့ ပြောဆိုရင်း စွဲချက်ကို ငြင်းဆိုထားပါတယ်။
7 months Ago
Up