လွတ်ငြိမ်းခွင့်

October 3, 2021

အီကွေဒေါနိုင်ငံက ထောင်သား ၂၀၀၀ ခန့်ကို လွတ်ငြိမ်းခွင့်ပေးမည်

အီကွေဒေါနိုင်ငံရဲ့ ထောင်တွေထဲမှာ လူတွေ ကြပ်ညပ်နေတာ သက်သာအောင် ထောင်သား အယောက် ၂၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စီစဉ်နေတယ်လို့ အရာရှိတွေက အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံ့သမိုင်းမှာ အဆိုးဆုံး ထောင်တွင်း အဓိကရုဏ်းကြောင့် ထောင်သား ၁၁၈ ယောက် သေဆုံးပြီး နောက်ထပ် ၇၉ ယောက် ဒဏ်ရာရအပြီးမှာ ခုလို ပြောလိုက်တာပါ။

ထောင်သား ၆ ယောက်ထက်မနည်းဟာ တစစီ ခုတ်ဖြတ်ခံခဲ့ရပါတယ်။

သက်ကြီးထောင်သားတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းနဲ့ နာတာရှည် ထောင်သားတွေကို ဦးစားပေး ပြန်လွှတ်ဖို့ အစိုးရက ရည်မှန်းထားတယ်လို့ အီကွေဒေါ အကျဉ်းဦးစီးဌာန ညွှန်မှူး ဘိုလီဗာ ဂါဇွန်က ပြောခဲ့ပါတယ်။

အီကွေဒေါ ထောင်တွေထဲမှာ လောလောဆယ် ထောင်သား ၃၉၀၀၀ ရှိနေတယ်လို့ ဂါဇွန်က ထပ်ပြောပါတယ်။

ထောင်အဓိကရုဏ်းတွေဟာ အုပ်စုဖွဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ အုပ်စုတွေက ထိန်းချုပ်ရေး အတွက် တိုက်ခိုက်တာကြောင့် ဖြစ်လာတာလို့ သူက ပြောပါတယ်။

အီကွေဒေါ ထောင်တွေထဲမှာ ဇူလိုင် အဓိကရုဏ်းကြောင့် ထောင်သား ၂၂ ယောက်နဲ့ ဖေဖော်ဝါရီ အဓိကရုဏ်းကြောင့် ထောင်သား ၇၉ ယောက် သေဆုံးခဲ့ပါတယ်။

ရာဇဝတ်အုပ်စုတွေကြား ဂိုဏ်းသား အကူးအပြောင်းနဲ့ မဟာမိတ်ပြုတာတွေ ရှိနေပြီး မူးယစ်ကုန်ကူးမှု လမ်းကြောင်းတွေ လုရင်း တိုက်ခိုက်ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဥပဒေစိုးမိုးရေးအတွက် နိုင်ငံတလွှားက ထောင်တွေဆီ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင် အယောက် ၃၆၀၀ လောက် လွှတ်ထားပြီးပြီလို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

4 months Ago

February 12, 2021

လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား ၂၂၄ ဦး လွတ်မြောက်

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် ၅၉/၂၀၂၁၊ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁ ပုဒ်မခွဲ (၁) အရ လွိုင်ကော် အကျဉ်းထောင်ကနေ အကျဉ်းသား  ၂၂၄ ဦး လွတ်မြောက်လာပါတယ်။ 

ဒီကနေ့ မနက် ၁၁ နာရီက စလွှတ်ပေးနေတာဖြစ်ပြီး လွတ်မြောက်လာသူတွေထဲမှာ ကယားပြည်နယ်မှ ၁၁၉ ဦး၊ ရှမ်းပြည်နယ် ၇၇ ဦး၊ ရန်ကုန် ၈ ဦး၊ ပဲခူး ၃ ဦး၊ မိတ္ထီလာ ၅ ဦး၊ စစ်ကိုင်း ၅ ဦး၊ ကချင် ၁ ဦး၊ ဧရာ၀တီ ၅ ဦး၊ မကွေး ၁ ဦး၊ စုစုပေါင်း ၂၂၄ ဦး ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ လူငယ်တဦးက “ကျနော် အားလုံး ၁၆ နှစ်ကျခံပြီးတော့ ၅ နှစ်ကျခံပြီးမှ ပြန်လွတ်လာတာပါ။ မူးယစ်မှုရယ်၊ ဆိုင်ကယ်ခိုးမှုတွေနဲ့ဗျာ။ ပြန်လွတ်လာတဲ့သူ တော်တော်များများကလည်း မူးယစ်မှု များပါတယ်။ ကျန်တဲ့အမှုက နည်းပါတယ်။ ကျန်ခဲ့တဲ့သူအတွက်တော့ ဝမ်းနည်းတယ်ဗျာ။ ဘာလို့လဲဆိုတော့ ကျနော့်သူငယ်ချင်းတွေ ဘော်ဒါတွေ ကျန်ခဲ့တော့ ဝမ်းနည်းတယ်ဗျာ။ ကိုယ် လွတ်တာကတော့ ပျော်ပါတယ်” လို့ ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နိုင်ငံတဝန်း အကျဉ်းသူအကျဉ်းသား ၂၃၃၀၀ ကျော် လွှတ်ပေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာပါတယ်။

နော်နိုရင်း

11 months Ago
More News
Up