လွိုင်ကော်မြို့

A d v e r t i s e m e n t With Us

June 30, 2018

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားမည့်အပေါ် လက်ကမ်းစာစောင် ဖြန့်ဝေကန့်ကွက်

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ရုပ်ကြေးရုပ်ထားရှိဖို့ ကယားပြည်နယ်အစိုးရက လုပ်ဆောင်နေတာကြောင့် ကရင်နီပြည်နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသားလူငယ်တွေက ကန့်ကွက်တဲ့ လက်ကမ်းစာစောင်တွေကို ဇွန် ၂၆ ကစတင်ပြီး ကယားပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်နဲ့ ရှမ်းတောင် ဖယ်ခုံမြို့နယ်တွေမှာ လိုက်လံဖြန့်ဝေနေပါတယ်။ ခုလိုကန့်ကွက်တဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေရတာနဲ့ ပတ်သက်ပြီး ကယန်းလူငယ် ခွန်းသောမတ်က “ဒီပြည်နယ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ဘုံသဘောတူညီချက်တွေ မရှိသေးဘဲနဲ့ ဗမာလွတ်လပ်ရေး ဖခင်လို့ပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကျနော်တို့ ပြည်နယ်မှာ လာတည်တယ်ဆိုတာ ပြည်နယ်အစိုးရက ပြဿနာကို မီးလာမွှေးပေးတဲ့ဟာဖြစ်တယ်။ သွေးကွဲအောင်လုပ်တဲ့ ကိစ္စရပ်ဖြစ်အောင် လုပ်တယ်လို့ ကျနော်တို့ မြင်တဲ့အတွက် ကျနော်တို့ ကန့်ကွက်နေတာ” လို့ ပြောပါတယ်။ ဒါ့အပြင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ခဲ့တဲ့ ပြည်နယ်အဖြစ်ရှိခဲ့သလို ဒီပြည်နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေက လေးစားမြတ်နိုးရတဲ့ ခေါင်းဆောင်အသီးသီးလည်း ရှိနေတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို မတည်သင့်တာကြောင့် ချက်ချင်းရပ်တန့်ပေးဖို့ လူငယ်တွေက တောင်းဆိုတာလို့ ဆိုပါတယ်။ လွိုင်ကော်မြို့အတွင်းမှာ ဇွန် ၂၈ ရက်နေ့က လူငယ်တွေ လက်ကမ်းစာစောင်ဖြန့်ဝေတာကို မြို့နယ်ထွေအုပ်က တားမြှစ်တာတွေနဲ့ စာစောင်သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီကန့်ကွက်လုပ်ရှားမှုမှာ ကရင်နီပြည် ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ကယား၊ ကယော၊ ကယန်း၊ ကော်ယော်နဲ့ ဂေဘားလူငယ်တွေအပြင် ကရင်လူငယ် (ကရင်နီပြည်) တွေကလည်း ပါဝင်ကန့်ကွက်နေကြတာပါ။ အဆိုပါ ကန့်ကွက်တဲ့ လက်ကမ်းစာစောင်မှာ ကရင်နီပြည်နယ်ရဲ့ သမိုင်းကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်အပေါ် ကရင်နီလူငယ်တွေရဲ့ စိုးရိမ်ချက်၊ သုံးသပ်ချက်နဲ့ အကြံပြု တိုက်တွန်းချက်တွေကို ဖော်ပြထားပါတယ်။ ကယားပြည်နယ်အစိုးရကတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဇူလိုင် ၁၉ အာဇာနည်နေ့အမီ ပြုလုပ်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ သတင်းနှင့်ဓာတ်ပုံ-ခွန်းတူးတူးလေး
3 years Ago

August 31, 2016

လွိုင်ကော်မြို့လယ်တွင် ဈေးဆိုင်ခန်းများ မီးလောင်၊ ဆိုင်ခန်းပေါင်း ၁၇ ခန်း ဆုံးရှုံး

ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ်ခေါင် ကားဂိတ်မှာ ဒီကနေ့မနက် စောစောက မီးလော င်မှုဖြစ်ပွားပြီး ဆိုင်ခန်းပေါင်း ၁၇ ခန်းနဲ့ အရောင်းပစ္စည်းတွေ ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့သတင်းရရချင်း မီးသတ်ကားပေါင်း ၁၅ စီး၊ အကူရေသယ်ယာဉ်တွေနဲ့အတူ သွားရောက်ငြိမ်းသတ်ခဲ့ပေမယ့် ဆိုင်ခန်း ၁၇ ခန်းတော့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လွိုင်ကော် မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန်းထွေးက ဒီဗွီဘီကို ပြောပါတယ်။ “မီးလောင်တယ်လို့ချက်ချင်းသိတာနဲ့ ပြည်နယ်မီးသတ်မှူးဦးဆောင်ပြီးတော့ မီးသတ်တပ်ဖွဲ့ဝင် တစ်ရာကျော်က မီးသတ်ယာဉ်မျိုးစုံ  ၁၅ စီး  အကူရေတင်ယာဉ် ၂ စီး အားလုံး ၁၇ စီးနဲ့ သွားပြီး ငြိမ်းသတ်ပါတယ်။  သတင်းရတာက ၂ နာရီ ၄၀ မိနစ်၊ ကျနော်တို့ရောက်သွားတော့ ၂ နာရီ ၅၀ မိနစ်၊ မနက် ၃ နာရီ မိနစ် ၄၀ မှာ မီးတွေအားလုံးငြိမ်းပါတယ်ခင်ဗျ။  ပျက်စီးဆုံးရှုံးမှုကတော့ ဆိုင်ခန်းအားလုံးပေါင်း ၂၇ ခန်းရှိတဲ့ထဲမှာ  ဆယ်ခန်းကို မီးဆက်မကူးအောင် ကာကွယ်နိုင်ခဲ့ပြီး ၁၇ ခန်းကတော့ မီးလောင်သွားပါတယ်ခင်ဗျာ၊ လူထိခိုက်ဒဏ်ရာရမှုမရှိဘူး၊ ဆုံးရှုံးမှုတန်ဘိုး စုစုပေါင်း ကိုတော့ ကျပ်သိန်းပေါင်း ၂၂၈ သိန်းနဲ့ ၅ သောင်းလို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။” မီးလောင်ခံရတဲ့ ဆိုင်ခန်းတွေဟာ ဆေးနဲ့ဆေး ပစ္စည်းဆိုင်၊ ဟန်းဆက်ပစ္စည်းရောင်းတဲ့ဆိုင်၊ အလှကုန်ပစ္စည်း၊ ကားပစ္စည်း၊ စက်ဘီးနဲ့ စက်ဘီးအပိုပစ္စည်း၊ ကွမ်းယာဆိုင်တွေ၊ ဆန်ဆိုင်တွေပါ ပါဝင်တယ်လို့  ဆိုပါတယ်။ အဲဒီမီးဟာ ဆိုင်ခန်းတခုမှ ၀ါယာရှော့ဖြစ်ပြီး အပူလွန်ကဲကာ မျက်နှာကျက်သို့တဆင့် ကူးစက်လောင်ကျွမ်းတာလို့ စုံစမ်းသိရှိရကြောင်း၊ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဆိုင်ခန်းပိုင်ရှင် ဦးစောချယ်ရီဘတ်ဆိုသူကို လွိုင်ကော်ရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့  ဦးစီးမှူးက ပြောသွားပါတယ်။ ဓာတ်ပုံ - MOI  
5 years Ago
More News
Up