ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ငွေကျပ်သိန်း ၃,၅၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု ၂၇ လွိုင်လင်မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်မြို့အထွက်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးမှာ ဝင်းထွဋ် မောင်းနှင်ပြီး မြတ်အောင်ဇော်နဲ့ မမြင့်မြင့်တို့ လိုက်ပါလာတဲ့ CALDINA မော်တော်ယာဉ်ကို ရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာပါ။
မော်တော်ယာဉ်ရဲ့ အနောက်ဝဲဘက်ခြမ်း အံဝှက်အတွင်းနဲ့ ဆီတိုင်ကီအတွင်းကနေ ကျပ်သိန်း ၃၅၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား၂၃၀,၀၀၀ ပြား၊ အိုက်စ် ၅ ကီလို၊ ငွေကျပ် ၄ သိန်းနဲ့ လက်ကိုင်ဖုန်း လေးလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဝင်းထွဋ် (၂၃) နှစ်၊ မမြင့်မြင့် (၂၈) နှစ်နဲ့ မြတ်အောင်ဇော် ၁၉ နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
အလားတူ မိုင်းရယ်မြို့နယ်မှာလည်း လက်နက်/ခဲယမ်းတွေနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ မူးယစ်တပ်ဖွဲ့စု (၂၃) တန့်ယန်းမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအထွက် အိုက်လူးမောင်းနှင်လာတဲ့ PRADO LANDCRUISER မော်တော်ယာဉ်ကိုရှာဖွေရာကနေ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၆ ပြား၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုနဲ့ ၎င်းကျည် ၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
5 years Ago